ဤဝတ္ထုကို Luo Guanzhong ၏ Three Kingdoms ဇာတ်လမ်းကျောရိုးကို အခြေခံ၍ ပထမမြန်မာနိုင်ငံတော် (ပုဂံခေတ်) နှောင်းပိုင်းအချိန် မြန်မာ့ခေတ် မြန်မာ့ဟန်နဲ့ စိတ်ကူးယဉ် ရေးသားထားခြင်းသာ ဖြစ်ပါသည်။ သမိုင်းလို မဖတ်ပဲ ဝတ္ထုလိုပဲ ဖတ်ပေးပါရန် မေတ္တာရပ်ခံပါတယ်။ စိတ်ကူးယဉ် ဇာတ်လမ်းသက်သက် မျှသာဖြစ်ပါသည်။ သမိုင်းကို မှားအောင်ပြုလုပ်ခြင်း မဟုတ်ကြောင်း ကြိုတင် တောင်းပန်ချင်ပါသည်။ တချို့သော ပုဂံခေတ် အသုံးအနှုန်းတွေကလည်း ကျနော်အပါအဝင် စာဖတ်သူတွေလည်း ဖတ်ရမှာ ထောက်နေမှာဖြစ်လို့ မသုံးထားတာတွေလည်း ရှိပါသည်။ အဲဒီအတွက် နားလည် ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ လေးစားလျက်.... ဗီလိန်

အပိုင်း (၇) မဟာမိတ် နိဂုံး

သီရိဥတ္တရာမှ အရေးနိမ့်၍ တိမ်းရှောင်သွားခဲ့သော သံလုံရာဇာကလည်း ငဝင်းဇော်၏ လုပ်ရပ်ကို ခံပြင်းလျက်ရှိပေသည်။
“ငါတပ်တောင်းတော့ သူတို့ ငြင်းတုံဘိ ငါတပ်ရုတ်တော့ သူတို့ တိုက်တုံဘိ ဘယ်သဘောနည်း။ တပ်မင်းတို့ ထင်ရာကိုလျှောက်လော့”
“မှန်ပါ။ အရှင်က တပ်ဦးအောင်သည်။ ထီးပေါင်းကို ဆက်ကာအောင်လျှင် အရှင်ဘုန်းပွင့်မည်။ ဤအကြောင်းကို သူမလိုလားဘိတုံ ရန်သူကိုလည်း အထင်သေးသည်။ ငသံဒိက သီရိဥတ္တရာကို အားချင်းမတိုက်ဟု မှတ်ကာ အကူတပ်မလွှတ်ခဲ့။ အတို့ကျွန်အထင် ဤသည်ကို သူလျှိုသတင်းဖြင့် ငသံဒိသိ၍ အရှင့်ကို ဝင်တိုက်သည်။ အချိန်အခါမသင့်၍ ယခုပင် အရှင်တိမ်းရှောင်နေရပြီ။ အကျိုးဆက်အားလုံးကို ခြုံငုံရလျှင် အရှင့် သံသယကား မှားဖွယ်ရာမရှိကြောင်းပါ။”
“တပ်မှူး ငမိုးသား၊ တပ်မှူး ငသံလွင် ငါ့အားခြံလော့။”

သံလုံရာဇာက ပြောပြောဆိုဆိုဖြင့် မြင်းဆွဲကာစိုင်းလိုက်သည်ကား သီရီဥတ္တရာကို ဦးတည်လျက်......။

-----------------------------------------------

စူးရှလှသည့် မျက်လုံးဖြင့် စိုက်ကြည့်နေသော သံလုံရာဇာက ငဝင်းဇော်အား
“ငါသည် တိုင်းပြည်အတွက် စစ်တိုက်၏။ သင်ကား သင့်ကိုယ်ကျိုး သင့်နာမည်အတွက် စစ်တိုက်၏။ စစ်ကူတောင်းလွှာရပါသော်ငြား ပေးရန် ငြင်းဆိုကာ ငါ့အား ကျရှုံးစေ၏။ ငသံဒိကလည်း ငါ့တပ်အား ညချင်း ဝင်၏။ ဤအရေးက တိုက်ဆိုင်ခြင်းဟု သင်ပြောမည်လော။ သင်အဘယ်သို့ တာဝန်ယူအံ့။”
“သယ်... ဤအရေးကို အကြံပေးသည်ကား တိုင်ပင်မှူး။ ရန်သူအား အဆက်အသွယ် လုပ်လေသလော တိုင်ပင်မှူး။ ရဲမက်တို့.... ဤသစ္စာဖောက်သူလျှို တိုင်ပင်မှူးကို ချက်ချင်းကွပ်စေ။.....”
“......ချမ်းသာပေးပါ...... အရှင်.... အတို့ကျွန် မဟုတ်ကြောင်းပါ......”

ရဲမက်တို့ ဆွဲခေါ်သွားသော တိုင်ပင်မှူးကို ကြည့်လျက် ငဝင်းဇော်က သံလုံရာဇာ၏ အမျက်ကို ဟန်လိုက်သည်။
“ဖြစ်သမျှတွေအတွက် စိတ်နှလုံး မရွှင်မလန်းဖြစ်ရပါတယ် စစ်သူကြီး။ ကျွန်ဆိုးစကားကို ယုံစားမိလို့ ခွင့်လွှတ်ပေးပါ။”
အမှန်ကား ငဝင်းဇော်ကား သူ၏ ရက်စက်မှုကို ပြသည်။ သံလုံရာဇာကလည်း အချိန်မတန်သေး၍ ထင်ရာစိုင်း၍ မဖြစ်ချေမှန်း သိလတ်သဖြင့်
“သင်ကား သင့်ကျွန်ကို ယုံစားလို့ မှားမိသည်။ ယခုကွပ်ပြီး ဖြစ်လေပြီ။ ဤအရေးဤတွင် အဆုံးသတ်ပါစို့။ နေလည်းဝင်တော့မည်။ ငါ့တပ်သို့ ငါပြန်မည်။ နှုတ်ဆက်ပါတယ် သေနာပတိ။”
“အပြန်ခရီး သာကာဖြူးလို့ ဖြောင့်ပါစေ တပ်မင်း။”


ယုတ်မာသည့် အပြင် မိမိအကျိုးအတွက် အောက်လက်ငယ်သားကို ရက်စက်စွာ သတ်ဖြတ်ပြသော ငဝင်းဇော်၏ အကြောင်းကို တွေးရင် သူရဲကောင်း သံလုံရာဇာ တစ်ယောက် လေးနက်စွာ အပြန်ခရီး နှင်လေသည်။ လမ်းခရီးတွင် တပ်မှူး ငမိုးသားက
“တပ်မင်း.......”
သံလုံရာဇာက လက်ဖြင့်ကာပြရင်း ပြောသည်။
“အလုံးစုံကို ငါနားလည်တယ် တပ်မှူး။ ဒင်းကိုတော့ သတိထားရလိမ့်မယ်။ မိမိ အပြစ်လွတ်တန်ဘိ မိမိကျွန်ကိုသတ်သည်။ ငါလည်း အရေးတော်ကြီးရှိသည်မို့ သင်ပုန်းချေလိုက်ခြင်းသာဖြစ်တယ် တပ်မှူး။”

-----------------------------------------------

“မှန်လှပါ။ ငရုပ်ဆိုး၏ တပ်မင်း ငရဲသွေး တွေ့ခွင့်တောင်းကြောင်းပါ။”
တပ်ပြန်ရောက်ရောက်ချင်း ကြားရသည့်စကားကြောင့် သံလုံရာဇာ အနည်းငယ် တွေဝေသွားသည်။ ငရုပ်ဆိုးက မိမိအား တစ်နည်းနည်းဖြင့် စည်းရုံးမည်လော။ သို့တည်းမဟုတ် စိန်ခေါ်စာလော။ သို့တည်းမဟုတ် မည်သည့်အရေးကြောင့် ဆက်သွယ်သည်ကို စဉ်းစားရ ကြပ်လေတော့သည်။
“ဝင်စေ”
“ဘာအရေးလည်း ငရဲသွေး”

ခပ်မာမာ မေးလိုက်သော သံလုံရာဇာကို ငရဲသွေးက
“ဒေါသရှေ့ထား မျက်တော်စိတ်ရှ မဖြစ်ပါနဲ့ သံလုံရာဇာရယ်။ အမတ်ချုပ်က တပ်မင်း သံလုံရာဇာရဲ့ လက်ရုံးနှလုံးကို လေးစားသမှုပြုလို့ ဆုတော် လာဘ်ရာ ချီးမြှင့်ချင်လို့ ငါ့အားလွှတ်လိုက်ခြင်းပင်တည်း။ အခြားအရေးမတော့ တပ်မင်းနဲ့ ဆွေတော်မျိုးစပ် မြတ်တော်ထပ်ရန်အလို့ သံလုံရာဇာရဲ့ သားတော်ကို အမတ်ချုပ်ရဲ့ သမီးတော်နဲ့ လက်ဆက်ထိန်းမြား ချီးမြှောက်ချင်လို့ ငရဲသွေး ရောက်လာခြင်းပါ။”
“ကျုပ်သားတော်ကို သမီးတော်နဲ့ လက်ဆက်မယ်....... တော်စမ်း..... ငရဲသွေး။
မင်းကို ချုပ်ကိုင် နန်းကို အုပ်စိုး။ ပြည်ကိုမိုးသည့် ဒင်းလို မိစ္ဆာရဲ့ သမီးကို ငါ့သားနဲ့..........”

ငရဲသွေး ယူဆောင်လာသော လက်ဆောင်ပဏ္ဏာများ တင်ထားသည့် စားပွဲကို လှန်ချလိုက်ကာ
“ဝုန်း.............”
“ဒီမယ် ငရဲသွေး၊ သင့်ရှင် ငရုပ်ဆိုးကိုလျှောက်။ အချိန်မီ အမှန်ပြင်ရင် ခွင့်တော်သာလို့ ချမ်းသာပေးမည်။ ငါဒေါသမမျက်မီ သင့်လက်ဆောင်ပဏ္ဏာ သင်ယူပြီး အပြန်နှင်လော့။”
“..............”

ငရဲသွေးက စကားဆက်မည်အပြု တပ်မှူး ငမိုးသားနှင့် တပ်မှူး ငသံလွင်က ဓားကို ဆွဲထုတ်မည် ပြုကာမှ လက်လျှော့ကာ ထွက်သွားလေသည်။

-----------------------------------------------

ဤသို့ဖြင့် သီရိဥတ္တရာမှ စတင်ကာ ကင်းမြို့၊ ခံတပ်များကို မြို့စားနယ်စားများ အလိုက်ခွဲ၍ တိုက်လေသည်။ တိုက်ပွဲ အသီးသီး၌ အောင်ပွဲခံသူခံ၊ ကျရှုံးသူကျ၊ သစ္စာဖောက်သူဖောက်နှင့် နောက်ဆုံးတွင် အင်းအားကြီးမားဆုံးဖြစ်သည့် ငဝင်းဇော်၏ ဇေယျာဝဃုနတပ်တော်၊ စိတ်ဓာတ် အပြင်းထန်ဆုံးဖြစ်သည့် သတိုးရာဇာ သရေခေတ္တရာ အင်အား နှင့် မွန်သူရဲကောင်း သံလုံရာဇာဦးဆောင်သည့် သုဝဏ္ဏဘူမိတပ် တို့သာ ကြွင်းကျန်ရစ်လေသည်။ ပဲခူးရိုးမအရှေ့ခြမ်း တလျှောက် တိုက်ပွဲအလီလီ အောင်နိုင်လာကြသော တပ်ကြီး သုံးတပ်တို့ မိတ္ထီလာတွင် စုစည်းလေတော့သည်။

“အရေးတော်သင့်တုန်း အရိမဒ္ဒနပူရကို အသော့နှင်မှ သင့်မယ် သေနာပတိ”
သတိုးရာဇာက စကားစလိုက်သည်ကို ငဝင်းဇော်က ခေါင်းခါကာ သက်ပြင်းတစ်ချက် ချလိုက်လေသည်။ သတိုးရာဇာက ဆက်ပြောသည်။
“သည်အချိန်မှာ ထီးနန်းပြန်လည် စုစည်းဖို့ အသင့်ဆုံးပဲ။ အကယ်လို့ ငရုပ်ဆိုးသာ မင်းမြတ်ကို ခေါ်လို့ ထီးရွှေ့နန်းပြောင်းလုပ်ရင် ပိုခက်ခဲသွားမယ် သေနာပတိ။ ဒီအချိန်မှာ တပ်သားအားလုံးလည်း အောင်ပွဲဆက်လို့ စိတ်ဓာတ်သာလှတယ်။ ငရုပ်ဆိုးလည်း မဟာမိတ်ကို ထိတ်ချီလန့်ချီ ဖြစ်နေပြီ ဟုတ်ပေစ။ ငါတို့ရဲ့ နောက်ဆုံးတိုက်ပွဲ နောက်ဆုံး ပန်းတိုင်အတွက် ဘာကြောင့်များ တုံ့ရွံ့နေသတုန်း သေနာပတိ။”
“ငါတို့ စစ်သည်တော်နဲ့ မြင်းတွေ ဆင်တွေ အားအင်ကုန်လို့ ပမ်းနေကြပြီ သတိုးရာဇာ။”

တပ်မင်း တပ်မှူးများ အားလုံးက ခေါင်းငြိမ့်ကို ထောက်ခံကြလေသော် သတိုးရာဇာက
“အိမ်း.... သင်တို့လို ယောက်ျားသွေးမဲ့တဲ့ သူတွေနဲ့ ဆွေးနွေးရတာ အချိန်ကုန်တယ်။ တောက်.....”
သတိုးရာဇာက ဒေါသတကြီး ပြောဆိုကာ ထွက်သွားလေတော့သည်။ တပ်မင်း တပ်မှူးများလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍သာ ကျန်ခဲ့လေတော့သည်။

သတိုးရာဇာ ထွက်သွားသော် သံလုံရာဇာ ရောက်လာလေသည်။ သံလုံရာဇာကို မြင်သော် ငဝင်းဇော်က
“ကျန်းမမာလို့ နောက်ကျသွားတယ် သေနာပတိ။”
“ဟားဟားဟားဟား ကျန်းမမာလို့ ဟုတ်ပေစ သံလုံရာဇာ။”
တစ်ချက်မဲ့ပြလိုက်ရင် ဆက်ပြောသည်။
“ယုန်သွေးငါးရှဥ့်၊ ခိုသွေးတင့်လျက်
ထန်းတက်ထန်းလှီး လှည်းဘီးမြိုင်မြိုင်
ဧရာဆန်သည် ထိုက်ပေ့ ပတ္တစုံ....”
“ဤစာချိုးလေးကိုတော့ ကြားဖူးပေစ သံလုံရာဇာ။”

သံလုံရာဇာ မျက်နှာတစ်ချက် ပျက်သွားသည်။
“ဘိုးတော်မင်းမြတ် အနော်ရထာ နန်းစံခဲ့စဉ်က ပဋိသက္ကတိုင်းက ဆက်ခဲ့တဲ့ သုံးလုံးသော ညီနောင်ပတ္တမြားရှိခဲ့ဖူး၏။ ပတ္တမြားသုံးလုံးကို စစ်သူကြီး လေးဦးထဲက စစ်သူကြီးငထွေရူးအား ယုန်သွေးပတ္တမြား၊ စစ်သူကြီးငလုံးလဖယ်အား ငါးရှဥ့်သွေးပတ္တမြားနဲ့ စစ်သူကြီးညောင်ဦးဖီးအား ခိုသွေးပတ္တမြား ချီးမြှင့်မြှောက်စား၏။ ဤစာချိုးကား စစ်သူကြီး ငထွေရူး၏ ပတ္တမြားထန်းသွေးဓား၊ ငလုံးလဖယ်၏ ကြယ်စင်ကြိမ်လုံး၊ ညောင်ဦးဖီး၏ ပဒုမ္မာလည်ဆွဲတို့မှာ တပ်ဆင် ထားတဲ့ ညီနောင်ပတ္တမြားတွေကို ရည်ညွှန်းတာပဲ သံလုံရာဇာ။ တိုက်ပွဲတကာ ဇာတာစွမ်းတဲ့ ပတ္တမြားရတနာ သုံးပါးဟာ တော်ဝင်နန်းထိုက် ရတနာများပင်တည်း။”
“သင့်ရာမိန့်ပါ သေနာပတိ”
“အိမ်း... သင့်ရာ မိန့်ရလျှင်ပ။ သင်သိမ်းထားတဲ့ ပဒုမ္မာလည်ဆွဲ ငါ့လက်အပ်လော့”
“ငါ သိမ်းထားသော ပဒုမ္မာလည်ဆွဲ......”
“ပဒုမ္မာလည်ဆွဲကား ငါ့ခမည်းတော် ရှိစဉ်က ပိုင်ဆိုင်ခဲ့သော ရတနာတည်း။ သစ္စာဖောက်တစ်စုကြောင့် ပျောက်ဆုံးပေစ သကာလ သင်နွှဲခဲ့သည့် တာလုမြို့တိုက်ပွဲ အပြီး တာလုမြို့စား ထံမှ ပဒုမ္မာလည်ဆွဲတော်ကို ရှာဖွေသိမ်းဆည်းပြီး ငါ့ကို ထိန်ချန်ထားတယ် ဟုတ်ပေစ။”
“သံလုံရာဇာ မြတ်ဘုရားရှေ့ထားပြီး သစ္စာပြုပါတယ်။ ငါ့မှာ ပဒုမ္မာလည်ဆွဲမရှိ။ ရှိသော်ငြား ထိန်ချန် ကွယ်ဝှက်ထားပါက မြှားမိုးစိုက်၍ သေရပါစ။”
“အကြပ်စစ်သည် ငဗျာမွှေ ငရှေ့တော်မှောက်သွင်းစေ............”

တာလုတိုက်ပွဲတွင် ပါဝင်ခဲ့သော သံလုံရာဇာ၏ မွန်အကြပ်စစ်သည် တစ်ဦးဖြစ်သူ ငဗျာမွှေ ရောက်လေသော်..
“ချွင်.....”
ငဗျာမွှေထံသို့ ရောက်လာသော သံလုံရာဇာ၏ ဓားဦးကို ငဝင်းဇော်က ဓားအိမ်ဖြင့်ရိုက်ထုတ်လိုက်ကာ တားလိုက်သည်။
မီးတောက်နေသည့် မျက်လုံးနှစ်စုံ အကြည့်ချင်းစုံကာ သက်ပြင်းပူတစ်ချက်ချရင်း သံလုံရာဇာ ထွက်သွားလေတော့သည်။

-----------------------------------------------

နောက်နေ့ နံနက် မိုးသောက်သော် သတိုးရာဇာ၏ သရေခေတ္တရာတပ်တော်က ပုဂံကို ချီသည်။ သံလုံရာဇာကလည်း မဟာမိတ်မှ နှုတ်ထွက်ကာ သုဝဏ္ဏဘူမိသို့ ပြန်လေတော့သည်။ သတိုးရာဇာ၏ ပုဂံ နန်းသိမ်းတိုက်ပွဲတွင် ငဗီဦးဆောင်သည့် ဘုရင့်တပ်တော်၏ ရွံ့ရွံ့ချွံချွံ ခုခံမှု၊ အားအင် ကုန်ခမ်းနေပြီဖြစ်သော သရေခေတ္တရာတပ်တော်၏ ပင်ပန်းနွမ်းလျမှုတို့ကြောင့် သတိုးရာဇာ အရေးနိမ့်လေသည်။ မဟာမိတ်များ မရှိတော့သည့် ငဝင်းဇော်၏တပ်သည်လည်း မိတ္ထီလာတွင် တပ်စွဲကာ ပုဂံကို ချီရန် အခွင့်ခါစောင့်လျက် ရှိနေတော့သည်။

-----------------------------------------------

“ဟားဟားဟားဟား..............”
“ထက်မြက်လှပါပေ့ သားတော်ရယ်။ ငါ့သားတော်ရဲ့ လက်ရုံးနှလုံးက တယ်လည်း နှလုံးပီတိ ဂွမ်းဆီထိရပေတယ်ကိုး....။”
“မှန်လှပါ ခမည်းတော်။ ခမည်းတော်အတွက် သားတော် အသင့်ပါ ခမည်းတော်။ ထီးတော် နန်းပြင်လုံခြုံရေးက သားတော်မှာ တာဝန်ရှိကြောင်းပါ။ ကျဆုံးတဲ့ ကင်းမြို့ ခံတပ်အားလုံးကိုလည်း သားတော်အစွမ်းနဲ့ ပြန်လည်တိုက်ယူ စုစည်းဖို့ အသင့်ပါ ခမည်းတော်။”
“အိမ်း.... ကောင်းလေစွ ကောင်းလေစွ။”

ထိုစဉ် အထောက်တော် တစ်ယောက်ယောက်လာပြီး စာချွန်တစ်ခု ဆက်လေသည်။ စာချွန်ကို ငဗီက လှမ်းယူလိုက်ပြီး ငရုပ်ဆိုးကို ပေးလိုက်သည်။ ငရုပ်ဆိုးလည်း ဖွင့်ဖတ်လိုက်ပြီး ငဗီကို မျက်စတစ်ချက် ပစ်ပြလိုက်သည်။ ချက်ချင်းဆိုသလို ငဗီက ခစားနေသည့်အထဲမှ အမတ် ငချိုကို ဂုတ်မှ ဆွဲ၍ ခေါ်သွားလေသည်။ တခဏအတွင်း ငဗီ ပြန်ရောက်လာပြီး လက်ထဲတွင် အမတ် ငချို၏ ခန္ဓာမဲ့သည့် ဦးခေါင်းကို ကိုင်လျက်.........။ မျက်နှာလွှဲထားကြသည့် တပ်မင်း ဗိုလ်ပါ၊ မှူးကြီးမတ်ရာ အားလုံး၏ ရင်ထဲတွင်ကား မချိတင်ကဲ.......။
“ဒင်းက ပုန်ကန်သူ မိစ္ဆာတွေနဲ့ ဆက်သွယ်တယ်။ ဒင်းသွားရမယ့် လမ်းကို ဒင်းရွေးတာပဲ။ ငါ့မှူး ငါ့မင်းတွေလည်း မှတ်လော့။ သစ္စာစောင့်သိကြလော့။ သစ္စာရှိတုံဘိ ကောင်းစားမည်။ သစ္စာမဲ့တုံဘိ သွားစရာ တစ်လမ်းတည်းသာရှိသည်။ အိမ်း အချိန်လည်းလင့်ပြီ လျှောက်တင်စရာကျန်က မချွင်းလျှောက်လော့။ မရှိက ညီလာခံ ဒီမှာသိမ်းမည်။”
အားလုံး တိတ်ဆိတ်နေကြသည်။ အားလုံးသော မှူးမတ်စစ်သူကြီးများအားလုံး အံကိုကြိတ်လျက် ညီလာခံ သိမ်းလိုက်ကြလေတော့သည်။

-----------------------------------------------

5 ရဲ့ အမြင်လေးတွေ:

မေဇင် said...

ငဗီက ရက်စက်တယ်နော်.... သူတို့အလှည့်လဲ နီးကာမှ... ဟိုကောင်တွေက မစည်းလုံးကြဘူး...။ ဘယ်လို ဆက်ဖြစ်မလဲ စောင့်မျှော်လျှက်...။

Minn said...

ဇာတ်လမ်းကို အစအဆုံး သေချာစွာ ဖတ်ရူ သွားပါကြောင်း
အရေးအသား ၊ ဇာတ်လမ်းတင်ဆက်ပုံ....

စိတ်ကူးယဉ်ဆိုပေမယ့် တင်ပြပုံသေသပ်ပါတယ်...

ဆက်လက်အားပေးလျက်

မင်းအိမ်ဖြူ

တစ်ပုဒ်ဆီမှာတော့ ထင်မြင်ချက်မပေးခဲ့ဖြစ်ပါ

မင်းဒင် said...

ပုဂံခေတ် အသုံးအနှုံးလေးတွေကို အတတ်နိုင်ဆုံး ထည့်သွင်း ရေးသားစေလိုပါတယ် ။ဖတ်ရှု အားပေးနှစ်ခြိုက်ကြောင်းပါ ။

လေးစားလျက်

မင်းဒင်

ဗီလိန် said...

ကျနော့ရဲ့ အားနည်းချက် ဖြစ်နေလို့ စိတ်တိုင်းမကျတဲ့ အတွက် ဝမ်းနည်းပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားပါမယ် ကိုမင်းဒင်။

ကြိုးစားလျက်ပါ။
ဗီလိန်

Ðaywalker[Soul] said...

လာဖတ်ပါတယ်ဗျာ

အခန်းလိုက်