ဤဝတ္ထုကို Luo Guanzhong ၏ Three Kingdoms ဇာတ်လမ်းကျောရိုးကို အခြေခံ၍ ပထမမြန်မာနိုင်ငံတော် (ပုဂံခေတ်) နှောင်းပိုင်းအချိန် မြန်မာ့ခေတ် မြန်မာ့ဟန်နဲ့ စိတ်ကူးယဉ် ရေးသားထားခြင်းသာ ဖြစ်ပါသည်။ သမိုင်းလို မဖတ်ပဲ ဝတ္ထုလိုပဲ ဖတ်ပေးပါရန် မေတ္တာရပ်ခံပါတယ်။ စိတ်ကူးယဉ် ဇာတ်လမ်းသက်သက် မျှသာဖြစ်ပါသည်။ သမိုင်းကို မှားအောင်ပြုလုပ်ခြင်း မဟုတ်ကြောင်း ကြိုတင် တောင်းပန်ချင်ပါသည်။ တချို့သော ပုဂံခေတ် အသုံးအနှုန်းတွေကလည်း ကျနော်အပါအဝင် စာဖတ်သူတွေလည်း ဖတ်ရမှာ ထောက်နေမှာဖြစ်လို့ မသုံးထားတာတွေလည်း ရှိပါသည်။ အဲဒီအတွက် နားလည် ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ လေးစားလျက်.... ဗီလိန်

အပိုင်း (၅) ပတ္တမြားထန်းလှီးဓား

ငဗီကို အောင်မြင်စွာ စည်းရုံးနိုင်လိုက်၍ ပိုမိုအတင့်ရဲလာသော ငရုပ်ဆိုးက နောက်တစ်နေ့ မှူးမတ်များ အစည်းအဝေးတွင်
“ကျုပ်ဒီနေ့ အရေးကြီးတဲ့ စကားပြောပါမယ်။ ကျုပ်တို့ရဲ့ ရွှေဘုန်းရှင် မင်းမြတ်ဟာ ဘုန်းတန်ခိုး သြဇာအရ သိမ်ငယ်အားနည်းနေသလိုပဲ တဘက်မှာလည်း သိင်္ဂသူရ ကိုယ်တော်လေးက သြဇာအာဏာ ထက်မြက်တာကို အားလုံးသိပြီး ဖြစ်ကြမှာပါ။ ဒါကြောင့် တိုင်းသူပြည်သားများနဲ့ ပုဂံနေပြည်တော်ကို ငဲ့ညှာခြင်းဖြင့် ကျုပ် သိင်္ဂသူရ ကိုယ်တော်ကို နန်းတင်ပါမယ်။ ကျုပ်ကို ဆန့်ကျင်တဲ့သူ သေစားသေစေ။”
ငရုပ်ဆိုး၏ အာဏာသံစကား၏ နောက်တွင်ကား အစည်းအဝေး အဆောင်ကို ငဗီနှင့် တပ်သားများ ဝင်လာကြပြီး မှူးချင်းမတ်ရာများ၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံလိုက်ကြလေသည်။ ထို့နောက် ငဗီက ငရုပ်ဆိုး၏ဘေးတွင် ဝင်ရပ်လိုက်လေသည်။ ထိုအခါ ငဝင်းဇော်က
“ဒီမယ် ငရုပ်ဆိုး။ တပ်မင်းကြီး ရာထူးရတယ်ဆိုပြီး ထင်တိုင်းကျဲ နေတယ်ပေါ့။ မင်းကို တပ်မင်းကြီးရာထူး ပေးထားတဲ့ မင်းမြတ်ကိုမှ အားမနာ မင်းမြတ်ကိုပါ နန်းချဖို့ ကြံစည်တယ်။ ဒါဟာ ပုန်ကန်မှုပဲ။”
“ရွှေနန်းတော်ရဲ့ အရေးတော်က ကျုပ်မှာ တာဝန်ရှိပါတယ်။ လွှတ်တော်ဝန်ကြီးများ မရှိတဲ့ နောက်မှာ မင်းမြတ်ကောင်း ရွေးချယ်ဖို့အတွက် ကျုပ်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။”
“မင်းမှာ မရှိဘူး ငရုပ်ဆိုး။ မင်းမြတ်နဲ့ မှူးကြီးမတ်ရာ အားလုံးဆီမှာ ရှိတာ။ မင်းလို သစ္စာဖောက် ပုန်ကန်ချင်သူအတွက် မလိုအပ်ပါဘူး။”

ငရုပ်ဆိုးက
“ခေါင်းကောင်းလို့ ဓားတောင်းသလား အမတ်ကြီး။”
ဟုဆိုကာ ခါးမှ ရတနာဓားကို ဆွဲထုတ်လိုက်သည်။ ငဝင်းဇော်ကလည်း ခါးမှ ဓားကိုဆွဲထုတ်လေ၏။ ငဗီကလည်း အရိန္နမာကို အသင့်အနေအထားရွယ်ထားပြီး ဖြစ်နေပြီ။ မျက်လုံးများကလည်း အရောင်တဖျတ်ဖျတ် ဖြစ်နေကြပြီ။ သည်တခါလည်း မှူးချင်းမတ်ချင်းတို့ ဝိုင်းကာ ထိန်းသိမ်းပြောဆိုရင်း ကိုယ့်ဓားကိုယ် ပြန်သိမ်းလိုက်ကြသည်။ ထို့နောက် ငဝင်းဇော်က အားလုံးကို နှုတ်ဆက်ပြီး ထွက်ခွာသွားလေတော့သည်။ ငဝင်းဇော်ထွက်သွားပြီးနောက် ငရုပ်ဆိုးက
“တောက်......”
“နောက်တစ်ပတ် လပြည့်နေ့မှာ ရှင်သစ်တက်ပွဲ ကျင်းပမယ်။ အမတ်၊ အမှူး၊ စစ်သူကြီးများအားလုံး မပျက်မကွက် တက်ရမယ်။”

ဟု ပြတ်သားသည့် အမိန့်ပေးကာ ထွက်ခွာသွားလေတော့သည်။ အစည်းအဝေး ခန်းမတစ်ခုလုံး တိတ်ဆိတ်ကာ ဘာမှ မပြောနိုင်ကြပဲ ပြန်လည်ထွက်ခွာခဲ့ကြလေသည်။

-----------------------------------------------

မကြာမီအချိန်အတွင်း ၁၃နှစ်သာရှိသေးသည့် မင်းမြတ်ကို ချုပ်ကိုင် တိုင်းပြည်တစ်ခုလုံး ချယ်လှယ်မည့် ငရုပ်ဆိုး၏ အကြံအစည်က အောင်မြင်လုပြီ။ အားလုံးက သိနေကြသော်လည်း မည်သူမျှ မတော်လှန်ဝံ့။ ငရုပ်ဆိုး၏ ငဗီနှင့် တပ်တော်က ရှိနေသည် မဟုတ်ပါလား။
နန်းညီလာခံ မစမီ မှူးကြီးမတ်ရာများ စုဝေးရာ အဆောင်တွင် ငရုပ်ဆိုးလာမည့် ပုဏ္ဏားကွယ်တွင် စောင့်နေသူက အမတ် ငလှ ဖြစ်ပေသည်။ အရွယ် တစ်ထွာခန့် ဓားမြှောင်တိုကို လက်တွင်လျှို၍ စောင့်နေသည်ကို အားလုံးက သတိမထားမိချေ။ မကြာမီ ငရုပ်ဆိုး ဝင်အလာ အသင့်ဆောင်ထားသည့် ဓားမြှောင်ဖြင့် ဝင်ထိုးလေရာ လျင်မြန်လှသည့် ငဗီက ငရုပ်ဆိုးကို တွန်းထုတ်လိုက်ပြီး ငလှ လက်ကို လိမ်ကာ ချုပ်လိုက်လေသည်။ ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသော မှူးမတ်များကို ငဗီ၏ တပ်က ဒိုင်းကာတပ်များက ပိတ်ဆို့ကာရံ ချုပ်ကိုင် လိုက်လေသည်။ ထို့နောက် စစ်သူကြီး ငရဲသွေးက ငလှလက်မှ လွတ်ကျသွားသည့် ဓားမြှောင်ကို ကောက်ကာ ငရုပ်ဆိုးထံ ဆက်သလေသည်။ ငရုပ်ဆိုးကလည်း ဓားမြှောင်ကိုကိုင်ကာ ငလှ အနားသို့တိုးသွားပြီး
“ဟားဟားဟားဟား ငလှရယ် မင်းအစွမ်းလေးနဲ့များ ငါ့ကိုလုပ်ကြံချင်သေးသပေါ့။ တိုင်းပြည်ကောင်းကျိုးကို မလိုလားတဲ့ကောင်တွေ ကိုင်း......”
ငလှဆောင်ယူလာသည့် ဓားမြှောင်က ငလှ၏ နှလုံးသားကို ထိုးစိုက်သွားလေပြီ။
“အ... မျိး... ယုတ်... င... ရုပ်... ဆ...............”
စကားပင်ဆုံးအောင် မပြောနိုင်လိုက်။ ငရုပ်ဆိုး၏ ရက်စက်မှုကို မခံမရပ်နိုင်ဖြစ်နေကြသော်လည်း မည်သူမျှ ဝင်ရောက် တားဆီးနိုင်စွမ်းမရှိကြ။ ငဗီ၏ တပ်သားများက အားလုံးကို ကျားကန်ချုပ်ကိုင်ပြီး ဖြစ်နေလေပြီတကား။

-----------------------------------------------

ထို့နောက် ငရုပ်ဆိုးက သီင်္ဂသီဟ မင်းမြတ်ကို နန်းချကာ၊ ၁၃ နှစ်သာ ရှိသေးသည့် သီင်္ဂသူရ ကိုယ်တော်ကို ထီးနန်းစံစေပြီး မယ်တော်ကြီးကိုပါ နယ်နှင်လိုက်လေသည်။ ထို့နောက် လွှတ်တော် လေးဦးစနစ်ကို ပါဖျက်သိမ်းလိုက်ပြီး အမတ်ချုပ်ရာထူးကို ခံယူကာ နန်းတွင်းရေးကို သဘောတွေ့သမျှ စိတ်ကြိုက်ချယ်လှယ်လေတော့သည်။ ငရုပ်ဆိုး၏ ချယ်လှယ်မှုအောက်တွင် ပြည်သူများ လူးလှိမ့်ကာခံကြရသည်။ သံသယရှိသူ အမတ်များကို ချက်ချင်းကွက်မျက်သုတ်သင်ရာ မှူးကြီးမတ်ရာများ အားလုံးလည်း မလှုပ်သာ မဝံ့သာ ရှိနေလေတော့သည်။

များမကြာမီ သုဝဏ္ဏဘူမိ အရပ်မှ ငဝင်းဇော်က ငရုပ်ဆိုး၏ အင်အားကို ရသည့်နည်းဖြင့် ဖြိုခွဲရန် အမတ်ကြီး ပုလုကွေးထံ စာတစ်စောင်ပါး လိုက်လေသည်။ ရက်အနည်းငယ်ကြာသော် အမတ်ကြီး ပုလုကွေးက မှူးကြီးမတ်ရာများအားလုံးကို နေအိမ်သို့ ဖိတ်ခေါ်လိုက်ကာ
“ဒီကနေ့ ကျုပ်ရဲ့ မွေးနေ့မင်္ဂလာကို တက်ရောက်ကြတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းပြောရရင် ဒီကနေ့ဟာ ကျုပ်ရဲ့ မွေးနေ့ မဟုတ်ပါဘူး။”
အားလုံးက အံ့အားသင့်သွားကြသည်။
“ဘယ်လိုကြောင့်များလဲ အမတ်ကြီး ပုလုကွေး။”
“မကွယ်မဝှက်တမ်းပြောရရင် အခုလို မှူးကြီးမတ်ရာတွေ အားလုံးနဲ့ မျက်နှာဆုံညီတွေ့ချင်လို့ပါဗျာ။ မွေးနေ့မင်္ဂလာဆိုမှ ငရုပ်ဆိုးရဲ့ သံသယက လွတ်မယ်မဟုတ်လား အမတ်ကြီးတို့ရဲ့။ ငရုပ်ဆိုးရဲ့ ထင်ရာစိုင်း ရက်စက်ယုတ်မာမှုတွေဟာ မင်းမြတ်နဲ့ ရွှေနန်းတော်တင် မဟုတ်ဘူး ကျေးလက်ဒေသက တိုင်းသားပြည်သူတွေပါ ဆင်းရဲအတိ ဒုက္ခရောက်နေကြပါပြီ အမတ်ကြီးတို့ရာ။ အခွန်တော်ငွေတွေ မတရားကောက်ခံမှုတွေက တိုင်းသားပြည်သူတွေ အားလုံးအတွက် သိပ်ကို ခက်ခဲနေကြပြီ။ ဘိုးတော် အနော်ရထာမင်းကြီး တည်ထောင်ထားခဲ့တဲ့ ကျုပ်တို့ရဲ့ ပုဂံနိုင်ငံတော်ကြီးအတွက် ရင်လေးလွန်းလို့ မချိအောင် ခံစားနေရပါတယ် အမတ်ကြီးတို့ရာ။”
အားလုံးဝမ်းနည်းစွာ ငြိမ်သက်သွားကြသည်။ ထိုအထဲမှ
“ဟားဟားဟားဟား ဟားဟားဟား”
တပ်မင်းသတိုးရာဇာ၏ ရယ်သံဖြစ်လေသည်။ စိတ်မကောင်းဖြစ်စွာ ငြိမ်သက်နေသည့်ကြားမှ သတိုးရာဇာ၏ ရယ်သံက ထူးခြားလှသည်။
“အားလုံးသော မင်းချင်းတွေ ဒီလိုပဲ ဝမ်းနည်း စိတ်မကောင်း ဖြစ်နေကြတယ်။ ဘယ်သူက ငရုပ်ဆိုးကို သတ်ဖို့ ကြံနိုင်ပေစ။ ဟားဟားဟား။ ပြောလေ။ ပြောကြလေ။ ဘယ်နှယ့်ရှိစ အမတ်မင်းတို့ရယ်။”
“မလှောင်ပါနဲ့ တပ်မင်း၊ အားလုံးဟာ တိုင်းပြည်အတွက် စိတ်မသာမယာဖြစ်နေကြတာ တပ်မင်းက လှောင်ရယ်ရယ်နိုင်သေးသလား။”
“မဟုတ်ရပါဘူး အမတ်ကြီးရာ။ အမတ်ကြီးတို့အားလုံး ငရုပ်ဆိုးကို လုပ်ကြံဖို့ နည်းလမ်းမရှာကြပဲ ဝမ်းနည်းနေကြလို့ ပြောနေတာပါ။”
“ဒါဆို တပ်မင်းမှာကကော။”
“ကျုပ် ငရုပ်ဆိုးရဲ့ ခေါင်းကို မြို့ရိုးဝမှာ ချိတ်ပြမယ်ဗျာ။”
အားလုံး မင်သက်သွားကြ၏။ သတိုးရာဇာ၏ ရဲဝံ့စွာ ကြွေးကြော်မှုကို အားကိုးတကြီး ငေးနေကြလေသည်။ ထိုအခါ အမတ်ကြီး ပုလုကွေးက
“ဘယ်လိုအကြံအစည်များ ရှိလည်း သိခွင့်ရမလား တပ်မင်း သတိုးရာဇာ။”
သတိုးရာဇာက အခြား အမတ်များ အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အမတ်ကြီး ပုလုကွေးက သဘောပေါက်လိုက်ပြီး သတိုးရာဇာကို အတွင်းဆောင်သို့ ခေါ်ကာ ငဝင်းဇော်ထံမှ လျှို့ဝှက်စာလွှာကို ပြလေသည်။
“ငဝင်းဇော်က စိတ်ဓာတ်ကတော့ ကောင်းပါတယ်ဗျာ။ ဒါပေမယ့်.....”
“ဒါပေမယ့် ဘာဖြစ်သလဲ တပ်မင်း။”
“ဒါပေမယ့် ရွှေနန်တော်ရဲ့ အဝေးကနေ ဒီစကားပြောတော့ ပုဆိုးခြုံပြီး လက်သီးဆုပ်ပြနေသလို ဖြစ်နေသပေါ့။”
“ဒါဆို တပ်မင်းကကော ဘာထူးနေလို့လဲ။ ငရုပ်ဆိုးကို နှိမ်နင်းဖို့ ဘာများလုပ်နေသေးလို့လဲ။”
“ကျုပ် ငရုပ်ဆိုးကို စစ်သည်အင်အားမသုံးပဲနဲ့ ရအောင်သတ်ပြမယ်ဗျာ။ သြော်... ဒါနဲ့ အမတ်ကြီး ပုလုကွေးမှာ သမိုင်းဝင် ပတ္တမြားထန်းလှီးဓား ရှိတယ် ပြောသံကြားဖူးတယ်။ ဟောသည် ပုဂံပြည်ကြီး တည်ထောင်စဉ်က စစ်သည်အား တစ်သိန်းနဲ့ ညီမျှတဲ့ စစ်သူကြီး ငထွေးရူးရဲ့ ထန်းတက်ဓားကို အနော်ရထာမင်းမြတ် ချီးမြှင့်ပေးသနားတဲ့ ယုန်သွေးရောင်ပတ္တမြားနဲ့ ခြယ်စီထားတဲ့ အဖိုးတန်ဓားလို့ သိရပါတယ်။ ဒီဓားဟာ ပေါ့ပါးပေမယ့် ခိုင်မာတယ်၊ အသွားဟာ ထက်မြက်ပြီး အရိုးဟာ သပ်ရပ်တယ်။ အောင်ပွဲဇာတာ ထွန်းပေါက်တယ်လို့ ကြားဖူးပါတယ်။ ဟုတ်ပေစ အမတ်ကြီး။”
“တပ်မင်းက အမတ် ငလှ လမ်းစဉ်လိုက်ဦး မလို့လား တပ်မင်း။ သိပ်ကို အန္တရာယ်များပါတယ်ဗျာ”
“ဟားဟားဟားဟား ဟားဟားဟား အမတ်ကြီးရယ်”
“ဒီအကြံအစည်ဟာ သိပ်ကို အန္တရာယ်များပါတယ် တပ်မင်း။ ငရုပ်ဆိုးရဲ့ တင်းကြပ်တဲ့ အစောင့်အကြပ်ကို ဘယ်လိုကျော်မတုန်းဗျ။ နောက်ပြီး ငဗီကလည်း သူ့အနားက တစ်ဖဝါးမှ ခွာတာမဟုတ်ဘူး။ ကျောက်ခဲကို ကြက်ဥနဲ့ ထုသလို ဖြစ်ပေမပေါ့ဗျာ။”
“အမတ်ကြီးရဲ့စကားက မမှားဘူးဆိုတာ မငြင်းပါဘူး။ သို့ပေမယ့် အားလုံးတော့ မမှန်သေးဘူးပဲဗျ”
“ဆိုလိုရင်းကို သိပါရစေ တပ်မင်း”
“ငရုပ်ဆိုးရဲ့ အစောင့်အကြပ်က တင်းကြပ်ခိုင်မာတာ မှန်ပါတယ်။ သို့ပေမယ့် ရှင်သစ်တင်မယ့် ငရုပ်ဆိုးက သူ့အကြံအစည်ကို အကောင်အထည် ဖော်နေတဲ့အချိန်၊ သူ့ကို ဆန့်ကျင်တဲ့သူကို စံပြအနေနဲ့ သုတ်သင်ဖို့ သားကောင်ရှာနေတဲ့ ငရုပ်ဆိုးရဲ့ သတိအရှိဆုံးအချိန်မှာ ဖြစ်ခဲ့လို့ အမတ် ငလှရဲ့ အရေးက မအောင်မြင်ခဲ့ရတာပါ။ အနေအထားချင်းက ကွာခြားသွားပါပြီ။”
“ကွာသွားပြီဆိုပေမယ့်။ မလွယ်ကူသေးတာတော့ အမှန်ပဲ တင်မင်း”
“ငရုပ်ဆိုးရဲ့ သတိရှိမှုက အင်မတန်မှ ရိုးစင်းတဲ့ ရန်သူကိုပဲ ထားရှိတတ်တဲ့ သတိရှိမှုမျိုးပါ။ သူ့ရဲ့ သစ္စာတော်ခံတွေရဲ့ သစ္စာဖောက်မှုအတွက် သူ့မှာသတိမရှိပါဘူး အမတ်ကြီး”
“ဒါပေမယ့် ကျုပ်တို့မှာ သည်လိုလုပ်ပေးနိုင်မယ့်သူမှ မရှိတာ တပ်မင်းရဲ့”
“လက်ရှိအချိန်မှာ ကျုပ်တပ်မင်း သတိုးရာဇာ ငရုပ်ဆိုးရဲ့ လက်အောက်မှာ ခေါင်းငုံ့အမိန့်တော်ခံနေတာ ဒီအတွက်ပါ အမတ်ကြီး။ အခုဆို ငရုပ်ဆိုးရဲ့ ယုံကြည်မှုကို အတော်အတန်ရထားပြီးပါပြီ။ ဒီအချိန်ဟာ အသင့်ဆုံးနဲ့ အကောင်းဆုံးအချိန်ပါ။ အကယ်၍များ ကျုပ်ဆီမှာ ပတ္တမြားထန်းလှီးဓား ရှိခဲ့ရင်ပေါ့”
အမတ်ကြီးက ချက်ချင်းဆိုသလို အတွင်းဆောင်သို့ ဝင်သွားပြီး လက်ထဲ၌ ပတ္တမြားထန်းလှီးဓား ဆောင်ယူကာ ပြန်ထွက်လာလေသည်။ ထို့နောက် စစ်သူကြီး သတိုးရာဇာ၏ ရှေ့တွင် ဒူးထောက်ကာ
“ကျုပ်တို့ရဲ့ အရိမဒ္ဒနပူရ တိုင်းပြည်ကြီး အဓွန့်ရှည် တည်တန့်ပြီး တိုင်းသားပြည်သူတွေ အားလုံး ငြိမ်းချမ်းစည်ပင် သာယာဝပြောစေဖို့ ပတ္တမြား ထန်းလှီးဓားကို လက်ခံတော်မူပါ တပ်မင်း။”
အမတ်ကြီး ပုလုကွေး၏ ဆက်သမှုကို စစ်သူကြီးသတိုးရာဇာကလည်း ဒူးထောက်၍
“မင်းမြတ်၏ ဘုန်းတန်ခိုးကို ကာကွယ်စောင့်ရှောက်ရန် သစ္စာဖောက်ကို ငရုပ်ဆိုးကို သုတ်သင်ခွင့်ပြုပါ အမတ်ကြီး”
ဟုဆိုကာ လက်ခံလိုက်လေသည်။

-----------------------------------------------

ဆင့်ခေါ်မှုကြောင့် ငရုပ်ဆိုး၏ အိမ်တော်သို့ ရောက်ရှိလာသော စစ်သူကြီး သတိုးရာဇာက ငရုပ်ဆိုးအား ဂါရဝပြုလိုက်သည်။
“အမိန့်တော်ရှိပါ အမတ်မင်း။ အတို့ကျွန် သတိုးရာဇာ နာယူရန် အသင့်ပါ။”
“အိမ်း ဒီလိုတပ်မင်းရဲ့။ တလောက သတိထားမိတယ်။ တပ်မင်းရဲ့ စီးတော် စစ်မြင်းက အတော်လေး အိုနေပြီလေ။ အဲဒါ တပ်မင်းကို မြင်းကောင်း တစ်ကောင်လောက် ပေးသနားမလို့ ဆင့်ခေါ်ရတာပါ တပ်မင်း သတိုးရဲ့။”
“ကျေးဇူးကြီးလှပါတယ် အရှင်”

ငရုပ်ဆိုးက အဝတွင် ရပ်နေသည့် ငဗီအား
“သားတော်... တပ်မင်း သတိုးအတွက် ကောင်းပေ့ဆိုတဲ့ စစ်မြင်းတစ်ကောင်လောက် ရွေးပေးလိုက်စမ်းကွာ”
ငဗီက ဂါရဝပြုထွက်ခွာသွားသော် သတိုးရာဇာက
“အရှင့်ကျေးဇူးတော်တွေ အတို့ကျွန်အပေါ် များလှပါတယ် အရှင်”
အနားမှာ သောက်ရေကို ငှဲ့ပေးလိုက်လေသည်။ ထို့နောက် ငရုပ်ဆိုးက
“ကျုပ်သားတော်သွားတာ ကြာဦးမယ် တပ်မင်း။ ကျုပ်ပင်ပန်းလို့ ခဏနားဦးမယ် တပ်မင်း သင့်သလို စောင့်နေပေတော့။”
ဟုဆိုကာ စက်ရာတွင် လှဲကာ အနားယူလေ၏။ ကွမ်းတညက်ခန့်ကြာသော် ငရုပ်ဆိုး အိပ်ပျော်သွားလေသည်။ အပြင်တွင်လည်း အစောင့်အကြပ်က အတော်ဝေးသည်။ ငဗီကလည်းမရှိ။ ကြီးမားတိုက်ဆိုင်လှသည့် အခွင့်အရေးကောင်းကို အမိအရဖမ်းယူရန် ခါးတွင်ဝှက်လာသည့် ပတ္တမြားထန်းလှီးဓားကို ကိုင်လိုက်လေသည်။ ထိုစဉ် နားထဲကြားယောင်နေသည်ကား.....
“......... တပ်မင်းရဲ့ စီးတော် စစ်မြင်းက အတော်လေး အိုနေပြီလေ။ .........”
သက်ပြင်းတစ်ချက်ချကာ ပတ္တမြားထန်းလှီးဓားကို နှုတ်တုံစွပ်တုံဖြစ်နေလေသည်။
“......... တပ်မင်းကို မြင်းကောင်း တစ်ကောင်လောက် ပေးသနားမလို့ .........”
အကြိမ်ကြိမ် ကြားယောင်နေမိသော ငရုပ်ဆိုး၏ စကားကို လျစ်လျူရှု အံကိုတင်းကာ ပတ္တမြားထန်းလှီးဓားကို ဆွဲ၍ ငရုပ်ဆိုး၏ လည်ချောင်းကို ဖောက်ရန်ရွယ်လိုက်ရာ တံခါးဖွင့်သံနှင့်အတူ အဆောင်တွင်းသို့ စစ်သူကြီးဝင်လာလေသည်။ တံခါးဖွင့်သံကြောင့် ပါးနပ်လှသည့် သတိုးရာဇာကလည်း နိုးလာသော ငရုပ်ဆိုးအား ချက်ချင်း ဒူးထောက်ကာ လက်ထဲမှ ပတ္တမြာ ထန်းလှီးဓားကို ဆက်သလေသည်။
“အတို့ကျွန် သတိုးရာဇာ အရှင့်ကို အဖိုးတန် ပတ္တမြားထန်းလှီးဓား ဆက်သပါတယ် အရှင်။”
“ဟေ... ပတ္တမြားထန်းလှီးဓား၊ အိမ်းပြစမ်းပါဦးကွ။ သိပ်ကောင်းတဲ့ ဓားပဲ။ ဒါကြောင့်လည်း နာမည်ကျော်သကိုး။ သားတော် ဒီမှာ ကြည့်စမ်းပါဦး တပ်မင်း သတိုးက ဓားဆက်တယ်ကွ။”

ငဗီအား ပေးလိုက်လေသည်။ တပ်မင်း သတိုးရာဇာလည်း လက်ထဲမှ ဓားအိမ်ကို ငဗီလက်သို့ ထည့်ပေးလိုက်ရာ အနည်းငယ်ရိပ်မိသော ငဗီက ပတ္တမြားထန်းလှီးဓားကို လက်ဖြင့် ဆကြည့်ရင်း သတိုးရာဇာကို မသင်္ကာသည့် မျက်လုံးဖြင့်ကြည့်လေသည်။ ငရုပ်ဆိုးလည်း
“ကဲ.. တပ်မင်း သားတော်ရွေးခဲ့တဲ့ မြင်းသွားကြည့်ရအောင်ဗျာ။ လာ”
ငဗီရွေးလာသော မြင်းကို လှည့်ပတ်ကြည့်ပြီးသော် သတိုးရာဇာက ငရုပ်ဆိုးကို ဒူးထောက် အရိုသေပြုလိုက်ပြီး
အတို့ကျွန် အရှင့်ရဲ့ ကျေးဇူးတော်ကို မမှိတ်မသုန် စောင့်ရှောက်ရန် အသင့်ပါ အရှင်”
“အိမ်း... အခုမှပဲ စစ်သူရဲကောင်းနဲ့ မြင်းကောင်းနဲ့ လိုက်ဖက်ပေတော့တယ်။ တိုင်းပြည်အကျိုး ကောင်းကောင်းကြီး သယ်ပိုးနိုင်ပါစေကွာ။”
“အမိန့်တော်မြတ်အတိုင်းပါ အရှင်။”

သတိုးရာဇာ ထွက်သွားပြီး အဆောင်တွင်းသို့ ဝင်လာသည့် ငရုပ်ဆိုးအား ငဗီက
“ခမည်းတော်... သတိုးရာဇာက ခမည်းတော်ကို လုပ်ကြံရန် ကြံစည်နေသလားပဲ။”
“အေး... ငါလည်း နည်းနည်းတော့ သတိမူမိတယ်။”

ငဗီက ဓားဖြင့် ထိုးမည့်အနေအထားကို မှန်းဆကာ
“သတိုးရာဇာ ဓားဆက်တဲ့ အနေအထားက ညာဘက်လက်နဲ့ ထိုးဖို့ရွယ်လိုက်ရင်းကနေ သားတော်ရောက်လာလို့ အလျင်အမြန် ဆက်သတဲ့ ပုံစံပါ ခမည်းတော်။ တကယ်တမ်း ဓားဆက်ရင် ရှိမယ့်အနေအထားနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ ဒါဟာ လုံးဝ မရိုးသားတဲ့ အရေးပါ ခမည်းတော်။”
ငရုပ်ဆိုးနှင့် ငဗီ ပြောနေကြစဉ် တပ်မင်း ငရဲသွေး ရောက်လာပြီး ဖြစ်ကြောင်းကုန်စင် ပြောပြလေသော် ငရဲသွေး က
“အတို့ကျွန် အကြံပေးပါရစေ အရှင်။ သတိုးရာဇာဟာ နန်းတွင်းထဲမှာ နေတာပါ။ အကယ်လို့ ငဗီ ရိပ်မိသွားကြောင်း သတိထားမိတယ်ဆိုရင် အရှင့်ဆီက အပြန် သူသာ အိမ်ကို တန်းတန်းမတ်မတ်ပြန်ရင် အရေးမရှိဘူး။ သူသာ အိမ်မပြန်သေးရင် ငဗီရဲ့ မသင်္ကာမှုအတွက် နောက်ကျောမလုံလို့ပဲပေါ့”
“ကိုင်း... ဒါဆိုလည်း အထောက်တော် အားချင်းလွှတ်စေ။”


အထောက်တော် ပြန်ရောက်လာသော်
“မှန်လှပါ စစ်သူကြီး သတိုးရာဇာဟာ နေအိမ်သို့ ပြန်ရောက်ခြင်းမရှိပဲ အရှေ့ပြင်မှတဆင့် အရေးပေါ်တာဝန်တစ်ရပ်ကို အကြောင်းပြ၍ မြို့ပြင်သို့ ထွက်ခွာသွားကြောင်း တံခါးမှူးထံမှ သတင်းရရှိကြောင်းပါ အရှင်။”
“သယ်..... ငါက ဒင်းကို ယုံကြည်ကိုးစား မြှောက်စားပြီး သူကောင်းပြုခဲ့တယ်။ ဒင်းက ဒါကို အခွင့်ကောင်းယူပြီး ကျုပ်ကို လုပ်ကြံချင်တယ်။ ခုချက်ချင်း ဒင်းကို ဖမ်းဖို့ အမိန့်ထုတ်.....။”


-----------------------------------------------

နေပြည်တော်၏ မြို့ပြင်တနေရာ ငရုပ်ဆိုး၏ ယုတ်မာမှုများကို သည်းမခံနိုင်၍ ရာထူးမှ နှုတ်ထွက်ထားသော အမတ် ငတေ၏ အိမ်တွင်ဖြစ်သည်။ သတိုးရာဇာက အကြောင်းစုံရှင်းပြသော် ငတေက အံ့အားသင့်လျက် ဖြစ်လေတော့သည်။
“အရေးကတော့ အဲလိုပါပဲ နောင်တော် ငတေရာ။ နောင်တော်လည်း ငရုပ်ဆိုးကို မကျေနပ်လို့ ရာထူးက နှုတ်ထွက်ခဲ့မှန်းသိလို့ နောင်ကြီး ဆီကို အရောက်လာခဲ့ရတာပါ။”
“ဒါနဲ့ နောင်ကြီးသတိုးကို ငရုပ်ဆိုးက ကောင်းကောင်းကြီး မြှောက်စားတယ်လို့ ပြောသံကြားပါတယ်။ အဘယ်ကြောင့်များ သူ့ကို သတ်ဖို့ ကြံစည်ရတာတုန်းဗျ။ ဒါလေးကိုလည်း ပြောပါဦး။ ကိုယ့်အထက်အရာရှိတစ်ယောက်ကို သတ်ဖို့ ဘယ်လိုအကြံအစည်နဲ့များ လုပ်ရသလဲ နောင်တော်ရဲ့။”
“ကျုပ်ဟာ ဆွေစဉ်မျိုးဆက် ပုဂံရွှေပြည်တော်ကြီးရဲ့ မှူးကြီးမတ်ရာ အနွယ်ဖွားပါ။ ပုဂံထီးနန်းကြီး ထင်ရာစိုင်းနေတဲ့ ငရုပ်ဆိုးရဲ့ ချယ်လှယ်မှုအောက်မှာ ပျက်သုန်းသွားမှာကို ကျုပ်မလိုလားဘူး။ ကျုပ်တိုင်းပြည် ကျုပ်လူမျိုးအတွက် ငရုပ်ဆိုးလက်မှာ အောက်ကျို့ပြီး အခွင့်ကောင်းကို စောင့်နေတာပါ။ ကျုပ်အသက်စွန့်ရင် စွန့်ရပါစေ ကျုပ်လုပ်သင့်တာ လုပ်ရမှာပဲ။”
“အားရဖို့ကောင်းလိုက်တာဗျာ။ မအောင်မြင်တဲ့ အတွက် စိတ်မကောင်းဘူးဗျာ။ ဒါနဲ့အခု နောင်ကြီးသတိုးက ဘယ်သွားပြီး ဘာလုပ်မလဲ။ ကျုပ်ဘာကူညီရမလဲ။”
“လုပ်တုန်းကတော့ ကျုပ်လည်း အပိုင်လုပ်တာပဲ။ မအောင်မြင်တာတော့ ကံတရားပေါ့ဗျာ။ ဒါပေမယ့် ကျုပ်အသက်ရှင်နေသေးတယ်။ ကျုပ်မရှုံးသေးဘူး။ ကျုပ်ဇာတိကို ပြန်ပြီး လွဲမှားနေတဲ့ အုပ်ချုပ်ရေးကို စိန်ခေါ်မယ်ဗျာ။ ငရုပ်ဆိုးကို တော်လှန်မယ့် မြို့စား၊ နယ်စား၊ သူရဲကောင်းတွေ အားလုံးကို စုစည်းပြီး ဒင်းကို ပုန်ကန်တော်လှန်မယ်ဗျာ။”
“ပုန်ကန်တော်လှန်မယ်။ ဟုတ်လား”
“ဟုတ်တယ်။ ပုန်ကန်တော်လှန်မယ်။ ဒင်းကို သတ်ပြီး ပုဂံရွှေပြည်တော်ကြီးကို သာယာစည်ပင်အောင် လုပ်မယ်ဗျာ။”

သတိုးရာဇာ၏ အားမာန်အပြည့်ဖြင့် ပြောလေ၏။
“ဒါနဲ့ နောင်ကြီးဇာတိက.....”
“ကျုပ် သရေခေတ္တရာ အရပ်ကပါဗျာ။”
“ဗျာ... ဟုတ်လားဗျ။ တိုက်ဆိုင်လိုက်တာဗျာ။ ကျုပ်ဇာတိလည်း သရေခေတ္တရာ (ပြည်)ကပဲဗျ။ ဒါနဲ့ ဇာတိကိုပြန်ပြီး နောက်ပိုင်းအစီအစဉ်လေးများ သိခွင့်ရမလားဗျ။”
“ကျုပ်သရေခေတ္တရာ ကို အခြေပြုပြီး ကျုပ်ဆွေမျိုး ညီအစ်ကိုတွေနဲ့အတူ လူသူလက်နက် စုဆောင်းမယ်။ တောင့်တင်းခိုင်မာတဲ့ အင်အားစုတစ်ခုရတဲ့အထိပေါ့။ ကျုပ်ရဲ့ ရဲဘော်ညီနောင် ငဝင်းဇော်လည်း အခုအချိန်မှာ ဥဿာ မှာ အခြေပြုလို့ စစ်တောင်းမြစ်ဝှမ်းတကြောကို စစ်အင်အားစုဆောင်းနေတယ်။ သူနဲ့ပူးပေါင်းပြီး ပြည့်ဝတဲ့ တပ်တော်တစ်ခု ထူထောင်ပြီး ငရုပ်ဆိုးကို ချေမှုန်းမယ်ဗျာ။”
“ငရုပ်ဆိုးဟာ မင်းမြတ်နဲ့ တိုင်သားပြည်သူတွေကို အတိဒုက္ခရောက်စေပြီး ထင်ရာစိုင်းနေတယ်။ ကျုပ်လည်း ဒါကို သည်းမခံနိုင်တဲ့အဆုံး ရာထူးက နှုတ်ထွက်ပြီး နေလာလိုက်တာ နောင်ကြီးရဲ့စကားကြားမှပဲ အလင်းရောင်ကို တွေ့တော့တယ်။ ကျုပ်ရဲ့လွဲမှားစွာ ရှောင်ပုန်းခဲ့တဲ့စိတ်ဟာ အမတ်ကောင်းတစ်ယောက် မဖြစ်စေခဲ့ဘူး။ အခုနောင်ကြီး သတိုးရာဇာနဲ့တွေ့ရလို့ ကျုပ်လုပ်သင့်တာကို သိလိုက်ရပြီ။ ကျုပ်ကို နောင်ကြီးနဲ့အတူ အရေးတော်ထမ်းပါရစေလား နောင်ကြီးသတိုး။”

ညနေခင်းနေရောင်ခြည်က ဝင်လုပြီ။ နောက်နေ့မနက် နေမင်းကြီးနှင့်အတူ သတိုးရာဇာ၏ မျှော်လင့်ချက်များကလည်း ရောင်ခြည်ဖြာလျက် ရှိနေပေတော့သည်။

-----------------------------------------------

3 ရဲ့ အမြင်လေးတွေ:

မေဇင် said...

အင်း...ဇတ်ရှိန် ကတော့ တတ်နေပြီ....။ တကယ်တော့ သူ့မှာ ရည်ရွယ်ချက်ရှိရင်....မြင်းအိုတာတွေ မြင်းကောင်းလဲပေးတာတွေ မတွေးသင့်ဘူး... ဟိဟိ.. အဲ့ဒါဆိုရင်လဲ ဇတ်လမ်းပြီးသွားမှာပေါ့နော်...။

mabaydar said...

ခုလိုမျိုး သမိုင်းကြောင်းတွေကို အခြေခံပြီး စိတ်ကူးယဉ်ရေးတတ်ဖို့ဆိုတာ တကယ်ကို မလွယ်ပါဘူး... အမှန်တိုင်း ၀န်ခံရရင် အဲလိုမျိုးရေးချင်ခဲ့တဲ့ စိတ်ကူးရှိခဲ့ပင်မဲ့ အတော်လေး ခက်ခဲမှန်းသိလို့ မရေးဖြစ်ခဲ့ပါဘူး... ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... သမိုင်းကို ဖျတ်ဆီးနေခြင်းမဟုတ်ဘူး.. စိတ်ကူးယဉ်သက်သက်လို့ ဖော်ပြထားတဲ့အတွက် ကောင်းပါတယ်... တရုတ်သိုင်းကားတွေလိုပေါ့... သမိုင်းအမှန်မဟုတ်ဘူး... ဒါပေမဲ့ လူတွေစွဲတယ်လေ... အားပေးနေပါမယ်...

ဗီလိန် said...

အားပေးမှုအတွက် ကျေးဇူးပါဗျာ။

အခန်းလိုက်