ဤဝတ္ထုကို Luo Guanzhong ၏ Three Kingdoms ဇာတ်လမ်းကျောရိုးကို အခြေခံ၍ ပထမမြန်မာနိုင်ငံတော် (ပုဂံခေတ်) နှောင်းပိုင်းအချိန် မြန်မာ့ခေတ် မြန်မာ့ဟန်နဲ့ စိတ်ကူးယဉ် ရေးသားထားခြင်းသာ ဖြစ်ပါသည်။ သမိုင်းလို မဖတ်ပဲ ဝတ္ထုလိုပဲ ဖတ်ပေးပါရန် မေတ္တာရပ်ခံပါတယ်။ စိတ်ကူးယဉ် ဇာတ်လမ်းသက်သက် မျှသာဖြစ်ပါသည်။ သမိုင်းကို မှားအောင်ပြုလုပ်ခြင်း မဟုတ်ကြောင်း ကြိုတင် တောင်းပန်ချင်ပါသည်။ တချို့သော ပုဂံခေတ် အသုံးအနှုန်းတွေကလည်း ကျနော်အပါအဝင် စာဖတ်သူတွေလည်း ဖတ်ရမှာ ထောက်နေမှာဖြစ်လို့ မသုံးထားတာတွေလည်း ရှိပါသည်။ အဲဒီအတွက် နားလည် ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ လေးစားလျက်.... ဗီလိန်

အပိုင်း (၆) မဟာမိတ် တပ်ပေါင်းစု

သတိုးရာဇာက သရေခေတ္တရာ တွင် လူသူလက်နက် စုဆောင်းလေသည်။ ဇေယျာဝဃုနမှ ငဝင်းဇော်၏ စစ်တောင်းမြစ်ဝှမ်း တလျောက်အင်အားစုနှင့် သတိုးရာဇာ၏ သရေခေတ္တရာ ဒေသ အင်အားစုတို့ ပေါင်းစည်းကာ ငရုပ်ဆိုးကို မနှစ်မြို့ပုန်ကန်လိုသည့် မြို့စား နယ်စား ၁၈ ဦးကို စည်းရုံးပြီး မဟာမိတ်ဖွဲ့ကာ ပုန်ကန်လေသည်။ မြို့စား နယ်စား အသီးသီး၏ လက်အောက်မှ အစွမ်းထက်လှသည့် စစ်သူကြီးများကို အားကိုးအားထားပြုထားသည့် မဟာမိတ်များကို မင်းမြတ်ဟောင်း၏ အစ်ကိုဝမ်းကွဲတော် ငဝင်းဇော်က သေနာပတိအရာ ဦးဆောင်လေကာ သံလုံရာဇာ ဦးစီးသည့် သုဝဏ္ဏဘူမိတပ်အား ထီးပေါင်း ခံတပ်သို့ တပ်ဦးအဖြစ် စတင်ချီတက်စေလေ၏။

-----------------------------------------------

အရိမဒ္ဒနပူရ နေပြည်တော်၏ ငရုပ်ဆိုးက စစ်သူကြီးများကို ခေါ်ယူတွေ့ဆုံကာ ပုန်ကန်သူများ အရေး ဆွေးနွေးတိုင်ပင်လေသည်။
“အိမ်း... ပုန်ကန်သူတွေတော့ ထကြွလာကြပြီ။ ဒီအရေးကို ဘယ်သူဆောင်ရွက်ပေစ။”
ထိုအခါ ငဗီက ချက်ချင်းပင် ရှေ့သို့ထွက်လာပြီး
“ဒီအရေးနဲ့ စိတ်မသာ မဖြစ်ပါနဲ့ ခမည်းတော်။ သားတော်ရဲ့ မြင်းတပ်ကို ဦးစီးပြီး ပုန်ကန်သူ ငဝင်းဇော်နဲ့ မြို့ပိုင် မြို့စားများရဲ့ ဦးခေါင်းကို ဆောင်ယူ ဆက်သဖို့ အသင့်ပါ။”
“အိမ်း။ တယ်လည်း အလိုက်သိတဲ့ သားတော်ပဲ။”

ထိုအခိုက် တပ်မင်း ငသံဒိက ထွက်လာကာ “မှန်လှပါ။ မြင်းထိန်းရန် ချွန်းမလို ကြက်သတ်ရန် ဓား မလိုကြောင်းပါ။ ဤသို့သော မြို့စားငယ်လေးတွေ အတွက် နောင်တော် ငဗီကိုယ်တိုင် သွားစရာ မလို၊ အတို့ကျွန် ငသံဒိ ပုန်ကန်သူများကို ထီးပေါင်း မှ ဟန့်တားကာ မြို့စားငယ်များ၏ ဦးခေါင်းများ ဆက်သပါမည် အရှင်။”
ငရဲသွေးနှင့် ငလဖိန်တို့ကလည်း
“အတို့ကျွန်များကိုလည်း ပါဝင်ခွင့်ပေးပါ အရှင်”
“ဟားဟားဟားဟား တယ်လည်းအားကိုးရတဲ့ ငါ့တပ်မင်းတွေပဲ။ အမိန့်တော်နာခံ....... စစ်သူကြီးငသံဒိ စစ်ကဲအရာယူကာ စစ်သူကြီး ငရဲသွေး စစ်သူကြီး ငလဖိန် အားဖြည့်ကူညီပြီး ထီးပေါင်းကို ကာကွယ် ခုခံစေ။ အရေးတော် ပြီးလျှင် ဆုတော် အရာများ ချီမြှင့်မည်။”

ဤသို့ဖြင့် တပ်မင်း ငသံဒိဦးဆောင်ကာ တပ်မင်း ငရဲသွေး တပ်မင်း ငလဖိန်တို့ ပါဝင်သည့် တပ်တော်က ထီးပေါင်းကို ချီတက်လေသည်။

-----------------------------------------------

သံလုံရာဇာ၏ တပ်ဦးသည် ထီးပေါင်းမတိုင်မီ သီရိဥတ္တရာ ခံတပ်ကို သိမ်းကာ တပ်စွဲထားလေသည်။ အထောက်တော်၏ သတင်းအရ ထီးပေါင်း ခံတပ်မှ ငသံဒိနှင့် တပ်များအားဖြည့်ထားသည့် ရန်သူအင်အားကို မှန်းဆကာ မိမိတပ်အင်အားဖြင့် အရေးမသာကြောင်း သိလေသောအခါ ငဝင်းဇော်ထံ စစ်ကူတောင်းလေသည်။

“မှန်လှပါ။ စစ်သူကြီး သံလုံရာဇာမှ လျှောက်တင်သည်မှာ သီရိဥတ္တရာ ခံတပ်ကို သိမ်းပိုက်ပြီး ဖြစ်ပါတယ်။ သို့သော်ငြား ထီးပေါင်း ခံတပ်တွင် ရန်သူစစ်သူကြီး ငသံဒိနှင့် အကူတပ်များ ရောက်နေပြီဖြစ်၍ မိမိတပ်ကိုလည်း အကူတော်တပ် အမြန်ဆုံး အားဖြည့်စေလွှတ်ပေးရန် ဖြစ်ကြောင်းပါ။”
ခြေမြန်တော်၏ လျှောက်တင်ချက်ကြောင့် ငဝင်းဇော်က တိုင်ပင်မှူးအား တချက်ကြည့်ကာ
“အိမ်း ကောင်းလေစွ။ သီရိဥတ္တရာ အရေးအောင်မြင်မှုအတွက် ဆုလာဘ်များ ချီးမြှင့်မည်။ အကူတော်တပ် စေလွှတ်ရန်ကိုတော့ စဉ်းစားပြီး သင့်သလို ဆုံးဖြတ်မယ်။”
ခြေမြန်တော် ထွက်သွားလေသော် ငဝင်းဇော်က တိုင်ပင်မှူးအား။
“သံလုံရာဇာက စစ်ကူတောင်းတယ်။ ဒါကို သင်ဘယ်လိုမြင်သလဲ။”
“မှန်လှပါ အရှင်။ စစ်သူကြီး သံလုံရာဇာသည် လက်ရုံးနှလုံး ပြည့်စုံတဲ့ စစ်သူရဲကောင်းတစ်ဦးပါ။ ယခုလည်း သီရိဥတ္တရာကို သိမ်းပြီးပြီ။ ရန်သူ့အင်အားမမျှလို့ စစ်ကူတောင်းသည် ဆိုသည်ကား အင်အားအလွန် ကွာခြားနေ၍သာ ဖြစ်ပါလိမ့်မယ်။ အထိုက်အလျောက်သော စစ်အင်အားရှိပါက ထီးပေါင်း ခံတပ်ကို အမှန်ပင် သိမ်းယူနိုင်မည်ကို အတို့ကျွန် ယုံကြည်ပါသည် အရှင်။ သို့သော်… ယခုပင် အရေးတော်ရဲ့ အဖွင့်တိုက်ပွဲဖြစ်သည့် သီရိဥတ္တရာ တိုက်ပွဲကို အောင်နိုင်သူတစ်ယောက်အဖြစ် အခြားသော မြို့စား တပ်မင်းတွေက လေးစားနေပြီ။ ဒါ့အပြင် ဟိုစဉ်အချိန်ကတည်းက သုဝဏ္ဏဘူမိ ဝန်းကျင်မှာ ဘုန်းတန်ခိုးကြီးစိုးခဲ့တဲ့ သံလုံရာဇာသာ ထီးပေါင်း ခံတပ်ကို အောင်လံထူနိုင်လျှင် ထီးပေါင်းသည် သူ့မြေ၊သူ့ဒေသ အဖြစ် အခြေခိုင်သွားနိုင်ပါတယ်။ မြို့စား တပ်မင်းတွေကြားမှာလည်း ဂုဏ်ကျော်ဇောမှာဖြစ်လို့ အရှင့်ရဲ့ ဂုဏ်ကိုပါ ထိခိုက်နိုင်ကြောင်းပါ။”
“မှန်ပေစ တိုင်ပင်မှူး။ သို့လောကြောင့် ဤအရေး သင့်ကို တိုင်ပင်ရန်အလို့ငှာ ခေတ္တဆိုင်းလိုက်ရခြင်းသာ ဖြစ်လေတယ်။”
“ခြေမြန်တော် အသင့်ပြင်….။ လပြည့်နေ့မတိုင်ခင် ထီးပေါင်းခံတပ်သို့ ငါကိုယ်တိုင် ချီတက်လာမည်။ တောင်းခံသည့် အကူတော်တပ် မလွှတ်နိုင်တော့ကြောင်း အမှာတော်ပါးစေ။”


-----------------------------------------------

နေမင်းကြီးက အနောက်ဖက် တောင်တန်းကြားထဲသို့ တိုးဝင်သွားလေပြီ။ နေလုံးကြီးဝင်သွားသည့် တောင်တန်း၏ မြင်ကွင်း၏ အောက်ဘက်တွင် ခံတပ်မြို့ရိုးမှ သူရဲကာများနှင့် တလူလူလွင့်နေသော အလံများကို မြင်နေရသည်။ မျိုးရိုးအစဉ်ဆက် မွန်သူရဲကောင်း အရာကို ဆက်ခံခဲ့သည်။ မင်းတော်ကျန်စစ် လက်ထက်မှ စ၍ မျိုးရိုးစဉ်ဆက် မွန်မြန်မာ စည်းလုံးရေး မပျက်ပြားရအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ယခုလည်း အရိမဒ္ဒနပူရ အရေးကို လျစ်လျူမရှုပဲ တပ်ဦးမှချီကာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေပါလျက် ခေါင်းဆောင် ဖြစ်သူက လုံလောက်သည့် အထောက်အပံ့မပေး။ မရှိသော်ငြား ထားတော့။ ရှိရက် သိလျက်နှင့် မပေးသည်က ခံပြင်းဖွယ်ကောင်းလှသည်။ လက်ရှိအခြေအနေအရ အင်အားခြင်းက ဘယ်လိုမှ ယှဉ်ဖို့ မဖြစ်နိုင်။ တက်ကြွနေသည့် စိတ်ဓာတ်တို့ကို ရပ်သွားစေမည်။ စိတ်ထိခိုက်စွာဖြင့် အဆောင်တဲ့သို့ ဝင်လေသည်။

-----------------------------------------------

“ဒုန်... ဒုန်... ဒုန်... ဒုန်... ..............”
တပ်လှန့်စည်သံကို ကြားလိုက်ရသည်။ အခုမှ သန်းခေါင်ကျော်ကာစ တပ်လှန့်သံကြောင့် အတော်လေး စိတ်ထင့်သွားသည်။ အဆောင်တဲအပြင်သို့ ထွက်လိုက်သည်နှင့် ရန်သူတပ်မှ မီးကျည်များကြောင့် မီးလောင်နေသော တဲများကိုတွေ့ရသည်။ ချက်ချင်းပဲ တပ်မင်းတပ်မှူးများ ရောက်လာပြီး
“သံတော်ဦးတင်ပါသည်။ ငသံဒိဦးဆောင်သည့် ရန်သူ့တပ်များ ခံတပ်တံတိုင်းကို အပြင်းအထန် တိုက်ခိုက်နေကြောင်းပါ။”
“အမိန့်တော်။ တပ်မှူး ငမိုးသားနှင့် လေးသည်တော်တပ် ရန်သူ့ မီးကျည်တပ်ကို မြှားဦး။ တပ်မှူး ငမောက်ဦး မီးကျည်လောက်လွဲ အသုံးပြု။ တံတိုင်းကို ငါကိုယ်တိုင် ကာကွယ်မယ်။ တပ်မှူး ငသံလွင် ငါ့အား ထောက်ပံ့။”

သံလုံရာဇာက တံတိုင်းကို အပြင်းအထန်ဖြိုဖျက်နေကြသည့် ရန်သူတပ်ကို မြှား၊ လှံ၊ ကျောက်ခဲတို့ဖြင့် ကာကွယ်လေသည်။ ရန်သူမီးကျည်များကလည်း များပြားလှသည်။ တပ်မှူး ငယဉ်ကို ဦးဆောင်သည့် မီးကျည်လောက်လွဲက ၄ ခုမျှသာရှိသည်။ အင်အားကမမျှ စစ်ပရိယာယ် ကျွမ်းကျင်လှသော သံလုံရာဇာလည်း ညဥ့်နက်လာသည်နှင့် အမျှ ဆက်လက်၍ တောင့်မခံနိုင်တော့။ နောက်ဆုံးတွင် တံတိုင်းရိုးက ကျိုးလေပြီ။ ရေကာတာမှ လွှတ်လိုက်သော ရေများအလား ညာသံပေး၍ ဝင်လာသော ရန်သူစစ်သည်များကို ရှေ့ဆုံးမှ ရွပ်ရွပ်ချွံချွံ တိုက်နေသည်ကား မွန်သူရဲကောင်း သံလုံရာဇာ ပင်တည်း။ သိပ်မကြာလိုက် ဓားလှံများကြားမှ တပ်မှူး ငသံလွင် ရောက်လာပြီး
“မှန်လှပါတပ်မင်း၊ တပ်မှူး ငမောက်ဦး ကျသွားကြောင်းပါ။ အရေးတော်လည်း နိမ့်နေပြီဖြစ်၍ တိုက်ပွဲမှ ခေတ္တတိမ်းပါ။ အတို့ကျွန် ခေမာတပ်ရုတ်ဗျူဟာဖြင့် တပ်ဆုတ်ခဲ့ပါမည် တပ်မင်း။”
သံလုံရာဇာလည်း မတတ်သာသည့်အဆုံး တိုက်ပွဲမှ ရှောင်ကာ ထွက်ပြေးရလေသည်။

-----------------------------------------------

မဟာမိတ်တပ်ပေါင်းစု ညီလာခံတွင်ဖြစ်သည်။ မြို့စား၊ တပ်မင်း၊ တပ်မှူးများ ရှေ့တွင် ဒေါသတကြီး ဖြစ်နေသည့် ငဝင်းဇော်က သီရိဥတ္တရာ ကျသွားသော သံလုံရာဇာ အတွက် ဒေါသပုန်ထနေလေ၏။
“တောက်... သံလုံရာဇာက သီရိဥတ္တရာ ပြန်ကျလိမ့်မယ် ငါမထင်မိ။ ကျလည်း မကျသင့်။ တပ်ဦးထားသည်ကို မကျေနပ်၍ နာမ်နှိမ်လေသလော။ မြို့စား၊ တပ်မင်းတို့ သိသည်ကို မချွင်းလျှောက်လော့။”
အားလုံးတိတ်ဆိတ်စွာ ခေါင်းငုံ့နေကြသည်။ သို့သော်... မြို့စား ငမောက်ညို နောက်တွင် မတ်တပ်ခစားနေသည့် မျက်နှာစိမ်း တပ်မှူးတစ်ဦးကိုတွေ့လေရာ ငဝင်းဇော်က
“မြို့စား ငမောက်ညို၊ သင့်နောက်က ဘယ်သူဘယ်ဝါ လျှောက်စမ်း။”
“ငါ၏ ငယ်ပေါင်းအဆွေ ငဂျဲ ဖြစ်ကြောင်းပါ။ ငရုပ်ဆိုးကို သုတ်သင်ရန်အရေးမှာ ပါဝင်လို၍ ပူးပေါင်းကြောင်းပါ။”

ငဂျဲ၏ ရဲစွမ်းသတ္တိနှင့် လက်ရုံးရည် နှလုံးရည်ကို သိသော သတိုးရာဇာက
“သြော်... တာတာတိုက်ပွဲမှာ နာမည်ကြီးတဲ့ စစ်သူကြီး ငဂျဲ ဟုတ်ပေစ။ စစ်သူကြီး ငဂျဲရဲ့ လက်ရုံးနှလုံး ပြည့်ဝမှု ဂုဏ်သတင်းကို ငါကြားဖူးတယ်။ မဟာမိတ်တပ်မှာ ပူးပေါင်းတာ အင်အားကောင်းတစ်ခုဖြစ်အံ့။”
“ယခင် တက္ကောလမြို့စားဖြစ်တဲ့ ငဂျဲဟာ ဘိုးတော်မင်းတရားကြီး အလောင်းစည်သူရဲ့ မြေးတော်ရဲ့ မြေးပါ သေနာပတိ။”

ဤသို့ဆိုသော် ငဝင်းဇော်ကလည်း လူအများရှေ့တွင် သကျသာကီနွယ်ဝင် တစ်ဦးဖြစ်သော ငဂျဲအား နေရာပေး၍ ခစားစေသည်။
“သြော်... မင်းမျိုးနွယ်ဝင် သကျသာကီသွေးပေကိုး။ ရှေ့ထွက်ခစားပါ။ သို့သော် တော်ဝင်သွေးမို့ သင့်အား နေရာပေးခြင်းမျှသာ ဖြစ်တယ်။ ရာထူးအရာခံနှင့် မသက်ဆိုင်စေရ။ နက်ဖြန် မိုးသောက်လျှင် သီရိဥတ္တရာကို ချီမည်။ တပ်အားလုံး အသင့်ပြင်.......”

-----------------------------------------------

အလံတလူလူလွှင့်၍ ချီတက်လာသော ရောင်စုံခြယ် မဟာမိတ်တပ်ပေါင်းစုသည် သီရိဥတ္တရာခံတပ်မှ ၂မိုင်ခန့်အကွာတွင် တပ်စခန်းချလေသည်။ စခန်းချပြီး မကြာမီ သီရိဥတ္တရာမှ ငသံဒိက စိန်ခေါ်စာပို့လေသည်။
“သင်တို့၌ ယောက်ျားသွေး ပါမည်ထင်အံ့။ ပါသော်ငြား တပ်နှစ်တပ်ကြား မြေတလင်းမှာ မည်သူမဆို ငါ့ကိုယှဉ်နိုင်ရင် ယှဉ်လော့။”
ငသံဒိ၏ စိန်ခေါ်စာက ပြတ်သားလှသည်။ ယုံကြည်မှုတွေ ပြည့်ဝလှသည်။ ရန်သူကို ထီမထင်သည့်နှယ် အကြောက်အရွံ့ကင်းသည်။
“အဘယ်သူ သွားအံ့”
ငဝင်းဇော်၏ မေးခွန်းနောက်တွင် စစ်သူကြီး ငခင်က ဦးညွှတ်ကာ ထွက်သွားလေသည်။ သိပ်မကြာလိုက်။ ရင်ဘောင်တန်းထားသည့် တပ်နှစ်တပ်ကြားရှိ မြေတလင်းတွင် ငသံဒိ၏လက်ချက်ဖြင့် ကျလေသည်။ ငခင်၏ နောက်တွင် စစ်သူကြီးများ ဖြစ်ကြသည့် ငပန်လှနှင့် ငနွဲ့ တို့ပါအရေးနိမ့်လေသည်။ ကျဆုံးသွားသည့် စစ်သူကြီး လေးဦးသည်လည်း နယ်နယ်ရရ မဟုတ်။ မြင်းရေးစီးချင်း ကျွမ်းကျင်လှသော စစ်သူရဲများပင်ဖြစ်သည်။ အံ့မခန်း အစွမ်းထက်နေသော စစ်သူကြီးငသံဒိက ရွှေအိုရောင် စစ်မြင်းကို စီးလျက် ရယ်မောသံက မာန်စည်သံထက်ပင် ကျယ်နေလေသလော ထင်မှတ်ရလေသည်။
“ဟားဟားဟားဟား...... ဘယ့်နှယ်လဲ မဟာမိတ်တပ်ကြီးရဲ့ ငါငသံဒိကို ယှဉ်မယ့်သူ မရှိတော့ဘူးလား။ ဟားဟားဟားဟား......”
ငဝင်းဇော်၏ ဒေါသက ဟုန်းဟုန်းတောက်နေလေပြီ။ မည်သူမျှလည်း ထွက်မတိုက်ရဲတော့။ ယောက်ယက်ခက်နေသည့် စိတ်က ထိုင်၍ပင်မရတော့။ လျှောက်ထုံချီတုံဖြစ်နေလေသည်။
ထိုစဉ် “မှန်လှပါ။ အတို့ကျွန်အား ငသံဒိ ဦးခေါင်း ဆက်သခွင့်ပြုပါအံ့။”
ရှေ့သို့ထွက်ကာ ခွင့်တောင်းသူကား သာမာန်စစ်သည်ဝတ်စုံ ဝတ်ထားသည့် စစ်သည်တစ်ဦး။ သူ၏ ခွင့်တောင်းပုံက ပြတ်သားသည်။ ပြောသည့်အတိုင်း တိတိကျကျဆောင်ရွက်နိုင်မည့် မျက်လုံးပိုင်ရှင်ဖြစ်သည်။ လှံရှည်ကို ကိုင်လျက် ငသံဒိနှင့် စီးချင်းထိုးရန် အသင့်ရှိသည့်ဟန်။ အားလုံးကလည်း အံ့အားသင့်သွားသည်။ ငဝင်းဇော်က မျက်မှောင်ကုတ်ကာ အဘယ်သူနည်းဟု မေးလေသော် မြို့စား ငမောက်ညိုက
“ငဂျဲ၏ သွေးသောက်ညီတော် ငမျိုးဖြစ်ကြောင်းပါ။”
“အရာထူးကိုလျှောက်....”
“အကြပ်စစ်သည် ပါ”
“သယ်.... တယ်လည်း ရိုင်းစိုင်းပေစ။ တပ်မင်း၊ တပ်မှူးတောင် မနိုင်တဲ့ပွဲ။ သင်လို အကြပ်က နိုင်မတဲ့လား။ အရိုင်းအစိုင်း... ဆွဲထုတ်သွားကြ။”

ထိုအခါ အမြော်အမြင်ရှိလှသည့် သတိုးရာဇာက
“အမျက်တော်လျှော့ပါ သေနာပတိ။ သူရဲလို့သူပြော သူမှန်လို့သူကြံဝံ့တာပါ။ အဘယ်ကြောင့် အခွင့်မပေးရပါမလဲ။”
“ငသံဒိ ဦးခေါင်းမဆက်က အတို့ကျွန် ဦးခေါင်းမျက်ပါ”
“ကောင်းပေစ။ ယောက်ျားစကား ဒီလိုပြတ်သားတယ်။ အသင့်အစွမ်း အမြန်ပြ”

သတိုးရာဇာက ခွင့်ပြုချက်ပေးသည်ကို ငဝင်းဇော်ကလည်း မကျေနပ်သော်လည်း ခေါင်းညိတ်လိုက်လေရာ လှံရှည်စွဲကာ ထွက်သွားသည့် ငမျိုး၏ နောက်ကျောကို အားလုံးက အံ့အားသင့်စွာ ငေး၍ ကျန်ခဲ့လေတော့သည်။ ချက်ချင်းဆိုသလိုပဲ ငဂျဲ၏ နောက်တွင် ရပ်နေသည့် ငချမ်းရဲက
မာန်စည် စင်မြင့်သို့တက်ကာ ကိုယ်တိုင်မာန်စည် တီးလေသည်။ စစ်သွေးကြွနေသည့် ငချမ်းရဲ၏ မာန်စည်သံက တောဘုရင် ခြင်္သေ့တစ်ကောင်၏ တောလိုက်မာန်ဖီသံအလား သာမာန်ထက် ကျယ်လောင်စွာ မြည်းဟည်းနေသည်။ တက်ကြွလှသည့် မာန်စည်သံကြောင့် စစ်သည်စစ်သားများ၏ ညာသံပေးသံကလည်း သွေးဆာနေသည့် စီးချင်းရှင် နှစ်ဦး၏ ခွန်အားကို အထွဋ်အထိပ်သို့ ပို့ဆောင်နေပေတော့သည်။

သိပ်မကြာလိုက်။ တိုက်ပွဲစည်သံများ ကြားမှ ငသံဒိ၏ ဦးခေါင်းကို ဆွဲလျက် ပြန်ရောက်လာသူ ငမျိုးအား ဝိုင်းကြည့်နေသည့် မြို့စားများက ပါးစပ်အဟောင်းသားနှင့် ကြက်သေသေသူက တမျိုး၊ ငသံဒိ၏ ဦးခေါင်းမှ ဟုတ်ပေစ ဟု ဦးခေါင်း စစ်ဆေးသူက တစ်ဖုံ၊ အံ့အားသင့်လျက် ဖြစ်နေပေတော့သည်။ သတိုးရာဇာ မူကား မှန်းဆမိသည့်အတိုင်း ဖြစ်လာသည်ဖြစ်၍ လွယ်ဓားကို မြှောက်ပြကာ ဂုဏ်ပြုလိုက်သည်။
“ငသံဒိကို သတ်ပြီးမှတော့ ဝင်သိမ်းရုံပေါ့။ လာဗျာ နောင်တော်”
“သယ်.... ရပ်စမ်း... မင်းတို့လို အကြပ်စစ်သည်လေးက တပ်မင်း မြို့စားတွေကို မထီပြု၊ မလျော်ရာလုပ်ဝံ့လှချေလား။”

ငဝင်းဇော်၏ ဘေးတွင်ထိုင်နေသည့် အမတ်ကြီး ငကံသာဖြစ်လေသည်။
“ငါ့နောင်တော်ကား ငသံဒိကို သတ်သည်။ ငရုပ်ဆိုးကို သတ်ရန် အခွင့်ကောင်းဆုံးအချိန်။ အားမာန်အပြည့် တိုက်ပွဲနွှဲရန် စစ်သည်အားလုံး သွေးကြွနေပြီ။ ဘာကို စောင့်နေသနည်း အမတ်ကြီး။”
“ဤအရေးကား စစ်သည် သာသာမျှ ရှိသည့် မင်းတို့အရေးမဟုတ်။ မြို့ဝန်မြို့စား စစ်သူကြီးအပေါင်း တိုင်ပင်ဆုံးဖြတ်မည်။ လုံထိန်းတို့ အတင့်ရဲလှ ငမိုက်သားတွေကို ခုချက်ချင်း ခေါ်ထုတ်သွားကြ။”

လုံထိန်းတို့က ဝိုင်းဆွဲမည်အပြု ဓားကိုယ်စီ ဆွဲထုတ်လိုက်ကြသည့် ငဂျဲ၊ ငမျိုးနှင့် ငချမ်းရဲတို့ကို သတိုးရာဇာက လက်ကာပြ၍ ဟန့်တားလိုက်ပြီး ပွဲထိန်းလိုက်သည်။
“ရှုံးသူစီရင် နိုင်သူချီးမြှောက် ရမည့်အရေး အဘယ်လိုကြောင့် သူရဲကောင်းမဆန်သည့် စကားပြောသနည်း အမတ်ကြီး။”
“အေး။ အခွင့်အာဏာ မင်းတစ်ယောက်မှာသာ ရှိမယ်ဆိုရင် ငါမနေလို။ ဒီနေ့ ဒီအချိန်ကစလို့ မဟာမိတ်နဲ့ ငါနဲ့ မဆိုင်တော့။ ထင်သလိုသာ စိုင်းကြလော့။”

ဒေါသမောနှင့် ထွက်သွားသည့် အမတ်ကြီး ငကံသာကို ကြည့်ကာ ငဂျဲက ထွက်လာပြီး ငဝင်းဇော်နှင့် သတိုးရာဇာကို ဂါရဝပြုကာ ငမျိုး၊ ငချမ်းရဲ ညီနောင် နှစ်ဦးကို လက်ဆွဲကာ ထွက်လာခဲ့လေတော့သည်။ အကြပ်စစ်သည် တစ်ဦး၏ အစွမ်းကလည်း ထက်မြက်လှသည်။ ရာထူးအရာခံများ၏ မာနကလည်း ပြင်းထန်လှသည်။ အခြားသော မြို့စား နယ်စားများ၏ ရင်ထဲတွင်လည်း သို့လောသို့လော စိတ်များ ကိန်းဝင်သွားလေပြီ။ ခေါင်းဆောင်ဖြစ်သည့် ငဝင်းဇော်လည်း မပြောသာ။ သိရီဥတ္တရာကို ရပေသော်ငြား ပို၍ခေါင်းခဲရလေသည်။

-----------------------------------------------

3 ရဲ့ အမြင်လေးတွေ:

မေဇင် said...

ဟင်း....မစည်းရုံး လိုက်ပုံများတော့ ပြောကို မပြောချင်ဘူး .... စာဖတ်နေရင်းနဲ့ ဒေါပွတယ်... ဘယ်လို ဖြစ်လို့... အချင်းချင်းတွေ စည်းရုံးရမယ့် အရေး... အဲ့လို ဖြစ်ကုန်တာလဲ.... ခတ်တယ် ခတ်တယ်..။

trinity said...

ကိုဗွီရေ တော်တော်ကောင်းပါ့ ...
ဆက်ရေးပါ အားပေးနေတယ် ...
မြန်မြန်ရေးနော်
ပေါညီ

Law Shay said...

Three Kingdom က ဟို အစိမ်းရောင် ၀တ်နေကျ ညီနောင် ၃ ဦးနဲ့ အရမ်းတူနေတယ်။

အခန်းလိုက်