ပုဂံနေပြည်တော်ဝယ်...............
ရွှေနန်းတော်၏ နန်းဆောင်တစ်ခုတွင်းတွင် လွှတ်တော်ဝန်ကြီးလေးဦး စုဝေးလျက် တစ်စုံတရာကို ဆွေးနွေးနေကြလေသည်။ ကံတော်ကုန်လုပြီ ဖြစ်သည့် မင်းမြတ်အရာသို့ ရောက်ရှိလာမည့် သိင်္ဂသူရ ကိုယ်တော်လေးကား သက်တော်ငယ်ပေငယ်သော်ငြား ဘွားတော်ဖြစ်သည့် မယ်တော်ကြီး၏ အထောက်အပံ့ဖြင့် ဘုန်းတော်ပြနိုင်တန်သည်။ မိဖုရားရွှမ်းမီနှင့် တပ်မင်းကြီးကလည်း သိင်္ဂသီဟ ကိုယ်တော်လေးကို နန်းတင်ရန်ကြိုးစားမည်ကလည်း သေချာသည်။ အဘိသိတ်သွန်းနန်းတက်ပွဲ မတိုင်မီ တာတာစစ်ပွဲမှ အချိန်မီ ပြန်ရောက်တန်သော တပ်မင်းကြီး သုဒ္ဒရာဇာအား တားဆီးရန် လွှတ်တော်ဝန်ကြီးလေးဦး တီးတိုးတိုင်ပင်ခြင်းဖြစ်သည်။ နန်းဆောင်၏ နံရံတဘက်ခြားတွင်ကား တပ်မင်းကြီး၏ ကျွန်ယုံရှိနေသည်ကား မသိကြ။
ထိုနေ့ညနေတွင်ပဲ မင်းမြတ်ကံတော်ကုန် နတ်ရွာစံလေသည်။
မကြာမီ တာတာတိုက်ပွဲမှ အပြန်ရောက်ရှိလာသော တပ်မင်းကြီးက အခစားဝင်ရန် နန်းတွင်းသို့ဝင်လေရာ အကြောင်းစုံကို သိနှင့်ပြီးသည့် ကျွန်ယုံက နန်းတွင်းမဝင်ရန် တီတိုးအသိပေး၍ တားလေသည်။
“လျှောက်တင်ပါသည် တပ်မင်းကြီး။ ဒီညအဖို့ နန်းတွင်းသို့ ဝင်ရန်မသင့်ကြောင်းပါ။”
“အဘယ်ကြောင့်နည်း ငါ့ကျွန်။ အဘယ်သို့ကြောင့် ဤသို့ လျှောက်တုံသနည်း။”
“မင်းမြတ် ကံတော်ကုန်သွားပါပြီ အရှင်။”
“ဘာ……”
“မယ်တော်ကြီးနဲ့ လွှတ်တော်ဝန်ကြီးလေးဦးက တပ်မင်းကြီးကို လုပ်ကြံဖို့ စီစဉ်ထားပါတယ် တပ်မင်းကြီး။”
“သယ်… ရိုင်းစိုင်းလှပေစွ။ ဒင်းတို့ကို ငါကိုယ်တိုင် မျက်မယ်။ တောက်….”
သည်အချိန်တွင် တပ်တော်သို့သာ ပြန်ပြီး အမတ်မင်းအချို့ကို လှို့ဝှက်ဖိတ်ကြားကာ ဆွေးနွေးမှ သင့်တော့မည်။
တိတ်တဆိတ် ဖိတ်ကြားသည်ကို ရောက်လာကြသည့် တပ်မင်း၊ အမတ်မင်းတချို့ တိုင်ပင်နေသည်ကား
တပ် - “တောက်... အယုတ်တမာကောင်တွေ။ ငါကား တိုင်းပြည်အတွက် အသက်ပေး၍ ရန်သူကို ချေမှုန်းသည်။ ငါမသေခဲ့။ ဒင်းတို့နှင့်မှ ငါသေမင်းခံတွင်းဝ ရောက်ခဲ့ပြီ။ ခုချက်ချင်း ငါကိုယ်တိုင် ဝင်သုတ်သင်အံ့။”
ထိုအခါ အခြေအနေအရပ်ရပ်ကို သဘောပေါက်နားလည်သော အမတ်ကြီး ပုလုကွေးက
ပု - “ဒေါသထိန်းပါ သုဒ္ဒရာဇား။ လက်ရှိ လွှတ်တော်ဝန်ကြီးလေးဦးဟာ ဘိုးတော် မင်းမြတ်လက်ထက် ကတည်းက သြဇာအာဏာကြီးခဲ့တာပါ။ မင်းမြတ်ရဲ့ ကိုယ်ရံတော်တပ်တွေဟာလည်း သူတို့ရဲ့ ချုပ်ကိုင်မှုအောက်ကို ရောက်နေပါပြီ။ ညတွင်းချင်း ချေမှုန်းဖို့က အရေးနိမ့်ဖွယ်ရှိပါတယ် တပ်မင်းကြီး။ ခိုင်မာတဲ့ အစီအစဉ်တစ်ခု ချမှတ်ပြီးမှ စီစဉ်သင့်ကြောင်းပါ။ ဒါ့အပြင် ကိုယ်ရံတော်တပ်တွေရဲ့ ချောင်းမြောင်းလုပ်ကြံဖို့ အစီအစဉ်တွေ ရှိနိုင်ကြောင်းပါ။”
အခြေအနေအလုံးစုံကို သဘောပေါက်သော တပ်မင်း သတိုးရာဇာကလည်း
တိုး - “အခုအချိန်မှာ တပ်မင်းကြီး အနေနဲ့ သင့်ရာ အသစ်စံမည့်မင်းမြတ်ကို ရာဇပလ္လင်ကိန်းစေရန် အဘိသိတ်ပွဲကျင်းပပြီးမှ လွှတ်တော်ဝန်ကြီးများကို သုတ်သင်ဖို့ ဆောင်ရွက်ပေကား နောက်မကျနိုင်ကြောင်းပါ တပ်မင်းကြီး။”
တပ် - “တပ်မင်းရဲ့ စကားက သင့်တင့်လျောက်ပတ်တယ်။ သို့ပေသော်ငြား ရှင်သစ်ရွေးကောက်မှာ ဒင်းတို့ လွှတ်တော်လေးဦးကို လျစ်လျူရှု၍ မလွယ်တန်။”
ပု - “ဒီ့အတွက် မစိုးလေနဲ့ သုဒ္ဒရာဇာ။ ငါကိုယ်တိုင် လက်ရွေးစင် နန်းစောင့်တပ်သား ၅၀၀၀ကို ဦးစီး၍ နန်းတော်ကို စီးနင်းကျားကန်ပြီး ဘုန်းတော်ရှင် မင်းမြတ်အသစ် တင်မြှောက်ကာ နန်းတွင်းရေးကို စိတ်ထင်တိုင်းခြယ်လှယ်နေသည့် လွှတ်တော်ဝန်ကြီးများကို သုတ်သင်ဖို့ ဆောင်ရွက်မည်။”
တပ် - “အိမ်း… အမတ်ကြီး ပုလုကွေးရဲ့ စကားက တယ်လည်း အားရစရာကောင်းတာပဲ။ ကဲ… မှူးကြီးမတ်ရာ ဝန်ကြီးများအားလုံး နန်းတွင်း ဝင်ကြအံ့။”

-----------------------------------------------
ဝမ်းနည်းခြင်းများစွာနှင့်အတူ ယှဉ်ပြိုင်မှုများဖြင့် စိတ်လှုပ်ရှားနေကြသော ပုဂံရွှေနန်းတော်တွင် ဖြစ်သည်။ ညီလာခံသဘင် ရင်ပြင်တော် ပလ္လင်တော်၏ ဘေးတွင်ထားရှိသော ဘဝရှင် မင်းမြတ် ရွှေကိုယ်တော်နှင့်အတူ မယ်တော်ကြီး၊ မိဖုရား ရွှမ်းမီ နှင့် သားတော် နှစ်ပါးတို့က သင့်ရာ နေရာတွင် ခစားလျက်ရှိနေပေသည်။
မင်းမြတ်ကို နောက်ဆုံးအကြိမ် ဂါရဝပြုရန် လာနေကြသော တပ်မင်းကြီး၊ မှူးမတ်အပေါင်းနှင့်အတူ အမတ်ကြီး ပုလုကွေးဦးဆောင်သည့် လက်ရွေးစင် စစ်သည်များလည်း နန်းဆောင်ပြင်ပတွင် အသင့်ရှိနေလေသည်။ အားလုံးကလည်း စိတ်လှုပ်ရှားလျက်ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။ ရှေ့ဆုံးမှ ခစားနေသော တပ်မင်းကြီးကို သူ၏နောက်မှ ခစားနေသူ အမတ်ကြီး ပုလုကွေးက
“တပ်မင်းကြီး၊ ညီလာခံရင်ပြင် ဝန်းကျင်နဲ့ အပြင်က ကိုယ်ရံတော်တပ်တွေကို ကျားကန်ချုပ်ကိုင် ပြီးကြောင်းပါ။ လွှတ်တော်ဝန်ကြီးတွေ မလာခင် အခွင့်အရေးကောင်းကို လက်လွတ်မခံပါနဲ့ တပ်မင်းကြီး။ တိုင်းပြည်အတွက် ဆောင်ရွက်သင့်သည်ကို အမြန်ဆောင်ရွက်ပါတော့ တပ်မင်းကြီး။”
တပ်မင်း သတိုးရာဇာကလည်း
“ဟုတ်ပါတယ် တပ်မင်းကြီး။ လွှတ်တော်ဝန်ကြီးတွေ မလာခင် ဘုန်းတော်ရှင်သစ်ကို အမြန်ဆုံး နန်းတင်ပါ တပ်မင်းကြီး။”
ထိုအခါ တပ်မင်းကြီးလည်း ခစားရာမှ ထလာကာ သိင်္ဂသီဟ ကိုယ်တော်လေး၏ရှေ့တွင် ဒူးထောက်ကာ
“မှန်လှပါ ကိုယ်တော်လေးဘုရား။ အတို့ကျွန် တပ်မင်းကြီး လျှောက်ထားအပ်သည်မှာ မှူးကြီးမတ်ရာ၊ စစ်ကဲ၊ ဝန်ကြီး၊ တိုင်းသူပြည်သား တို့ကို သနားညှာတာ ထောက်ထားသောအားဖြင့် ရွှေပလ္လင်တွင်ကိန်း ရွှေသန်လျက်ဆွဲ၍ ဘုန်းတော်ပြည့်ရှင် မင်းဘုရင် အဖြစ်စိုးစံတော်မူပါဘုရား။”
ဟု လျှောက်တင်ကာ ရာဇပလ္လင်ဘေးရှိ သန်လျက်တော်ကို ဆောင်ယူဆက်သလေသည်။
ဘုန်းတော် သာလို့ သက်တော် ရှည်ပါစေ မင်းမြတ်
မှူးချင်းမင်းချင်း အပေါင်းမှာလည်း မျှော်လင့်မထားသည့် သိင်္ဂသီဟမင်းကြီးကို အရိုအသေပြုရင်း အံ့သြမဆုံးရှိနေ ပေတော့သည်။ စိတ်ထဲမဝံ့မရဲဖြင့် ပလ္လင်ထက်တွင် စံမြန်းနေရသော သိင်္ဂသီဟမင်းသည်လည်း ပလ္လင်အောက်မှ ညီတော် သိင်္ဂသူရကို ကြည့်၍ ရွှေစိတ်တော် ညှိုးလျက်ရှိဖြစ်နေသကဲ့သို့ အံကိုကြိတ်၍ ထထွက်သွားသော မယ်တော်ကြီးနှင့် ရွှမ်းမီ မိဖုရား၏ အောင်နိုင်ဝံ့ကြွားသည့် မဲ့ပြုံးတစ်ချက်ကလည်း အားပြိုင်လျက် ရှိလေပေ၏။
-----------------------------------------------
နောက်တစ်နေ့တွင် မယ်တော်ကြီး နန်းဆောင်သို့ အမိန့်တော်တစ်ခု ရောက်လာလေတော့သည်။
“အမိန့်တော်ပါတယ် မယ်တော်ကြီး…….”
“အမိန့်မှာ… သီရိမေဒေါ မယ်တော်ကြီးသည် ဘုန်းတော်ရှင် မင်းမြတ်ဟောင်း ရှိစဉ်အခါက မင်းမြတ်၏ ဂရုဏာတော်ကြောင့် နန်းတော်တွင်း၌ စံမြန်းခဲ့သည်။ ယခုအခါ မင်းမြတ်ဟောင်းကြီး ကံတော်ကုန်လွန်လေပြီဖြစ်သဖြင့် မူလအမိဌာနေသို့ ပြန်ခွင့်ပြုလိုက်သည်။ အမိန့်တော်။”
မိဖုရားကြီးမှာ မူးမေ့သွားမတတ် ဖြစ်သွားသည့်ကြားမှ အံကိုတင်း၍ အမိန့်တော်ကို လက်ခံလိုက်သည်။
နယ်နှင်အပြန် လမ်းတထောက်အရောက်တွင် အထောက်တော်နှစ်ဦး ရောက်လာပြီး
“မယ်တော်ကြီးအတွက် တပ်မင်းကြီးက သစ်သီးရည် ဆက်သလိုက်ပါတယ် မယ်တော်ကြီး။ တပ်မင်းကြီးရဲ့ ဂါရဝကို လက်ခံတော်မူပါဘုရား။”
“သောက်တော်မမူပါနဲ့ မယ်တော်ကြီး။ အဆိပ်တွေပါ ဘုရား။” ငယ်ကျွန်၏ စကားမဆုံးခင် အထောက်တော်တစ်ယောက်က ထိုငယ်ကျွန်ကို ဆွဲ၍ခေါ်ထုတ်သွားလေသည်။ ကျန်တစ်ယောက်က သစ်သီးရည်ကို ခွက်ဖြင့်ထည့်၍
“သုံးဆောင်တော်မူပါ မယ်တော်ကြီး”
“ဟားဟားဟားဟား ဟားဟားဟား။ တယ်လည်း ယုတ်မာကြသကိုး။”
မျက်ရည်စက်လက်ဖြင့် သစ်သီးတော်ကို သောက်သုံးပြီး လဲကျသွားသော မယ်တော်ကြီး၏ ရင်ထဲတွင်ကား…………..။
-----------------------------------------------
မယ်တော်ကြီးကို လုပ်ကြံလိုက်သောကြောင့် ငထွေသန်း၊ ငပုထွေး၊ ရဇ္ဇ၊ ဝိဒူဘ လွှတ်တော်ဝန်ကြီးလေးဦးလည်း ဆောက်တည်ရာမရ ဖြစ်ကုန်ကြလေသည်။
ရဇ္ဇ - “ကဲ ဝန်မင်းတို့ရေ။ မကြာခင်ကျုပ်တို့ အလှည့် ရောက်လာတော့မယ်။”
ထွေ - “အရင်အခေါက် တပ်မင်းကြီးကို လုပ်ကြံတဲ့ အရေးမှာ ခိုးနားထောင်သူရှိတန်တယ်။ ငပုထွေး။ တံခါးဝမှာ သွားစစ်ချေ။”
ပု - “ကောင်းပြီ ငထွေသန်း။”
ငပုထွေးက အရိုအသေပြုပြီး ထွက်သွားလေသည်။
ဝိ - “သည်အချိန်မှာ ရွေးစရာ ၂လမ်းပဲရှိတော့တယ်။ ကျုပ်တို့ရဲ့ ချုပ်ကိုင်မှုကို အဆုံးသတ်ဖို့ ဒါမှမဟုတ် တပ်မင်းကြီး လက်အောက်မှာ အညံ့ခံဖို့ ဒါပဲရှိတော့တယ်။”
ထွေ - “စိတ်တွေ မလျှော့ကြပါနဲ့ဦးဗျာ။ အခုအချိန်မှာ တပ်မင်းကြီးကိုသာ သတ်နိုင်ရင် အခွင့်လမ်းကောင်း ရှိပါသေးတယ်ဗျ။”
ရဇ္ဇ - “တပ်မင်းကြီးမရှိရုံနဲ့ ကျန်တဲ့သူတွေ အားလုံးကို ထိန်းချုပ်ဖို့က ဖြစ်နိုင်တန်ရဲ့လား။”
ထွေ - “ကျန်တဲ့ မှူးကြီးမတ်ရာ၊ စစ်သူကြီးတွေက ထင်သလောက် အရေးမကြီးပါဘု ရဇ္ဇရယ်။ နောက်ပြီး တပ်မင်းကြီးကိုသာ လုပ်ကြံနိုင်ရင် ကျန်တဲ့သူတွေလည်း မထိတ်သာမလန့်သာ ဖြစ်ကြမှာ အမှန်ပဲ။ ကျုပ်တို့မှာက ကိုယ်ရံတော်တပ်လည်းရှိနေတာပဲ။ ဘာကိုများ ကြောက်နေစရာ လိုပါ့မလဲ။”
ငထွေသန်းက သေချာစဉ်းစားဟန်ပြုပြီး ဆက်ပြောသည်။
ထွေ“ငါတို့ထဲမှာ ငပုထွေးဟာ မင်းမြတ် သက်တော်ထင်ရှား ရှိစဉ်ကတည်းက မင်းမြတ်ရဲ့ မြှောက်စားခြင်းကို ခံရသလို အရင်မယ်တော်ကြီးနဲ့ ကလည်း ကျေးဇူးခံ ကျေးဇူးစားတွေ ဆိုတော့……… ” ငထွေသန်းက မချိပြုံးတစ်ချက် ပြုံးလိုက်သည်။
ဤသို့ဖြင့် မယ်တော်ကြီးအဆင့်သို့ တိုးမြင့်သွားပြီဖြစ်သော ရွှမ်းမီမိဖုရားထံ အခစားဝင်ကြလေသည်။ ငထွေသန်းဦးဆောင်သည့် လွှတ်တော်ဝန်ကြီးများက
“ချမ်းသာပေးတော်မူပါ မယ်တော်ကြီး။ တပ်မင်းကြီးကို လုပ်ကြံရန် ကြံစည်သည့်အထဲတွင် အတို့ကျွန်များ အကြံအစည် မပါဝင်ကြောင်းပါ။ အတို့ကျွန်များကို ချမ်းသာပေးတော်မူပါဘုရား။”
“အတို့ကျွန် ငထွေသန်း နှုတ်မဝံ့စွာ လျှောက်ထားရမည်ဆိုပါက ငပုထွေးကား သီရိမေဒေါမယ်တော်ကြီးနှင့် ပူးပေါင်း၍ တပ်မင်းကြီးကို လုပ်ကြံရန် ကြံစည်ကြောင်းပါ။ အတို့ကျွန်များကို ချမ်းသာခြင်းကို ပေးသနားတော်မူပါ။ မယ်တော်ကြီးကို ငပုထွေးရဲ့ ဦးခေါင်းကို ဆက်သပါတယ်။ ယနေ့ ယခု ဤအချိန်မှစလို့ မယ်တော်ကြီးနဲ့ တပ်မင်းကြီးရဲ့ အမိန့်ကိုနာခံပြီး သစ္စာတော်ခံယူပါ့မယ်။ အတို့ကျွန်များကို ချမ်းသာပေးတော်မူပါ။”
ဟုဆိုကာ အဝတ်ဖြူဖြင့် အုပ်ထားသော ငပုထွေး၏ ဦးခေါင်းကို ဆက်လေသည်။
“ဒါများ ငထွေသန်းရယ်။ တပ်မင်းကြီးရှိတဲ့ တပ်တော်ဌာနကိုသွားပြီး အသနားခံပါလား။ ငါရွှမ်းမီက အသင်တို့အတွက် ဘာများ လုပ်နိုင်ပေးပါလေစ။”
“ကယ်တော်မူပါ မယ်တော်ကြီး။ အတို့ကျွန်တို့ တပ်မင်းကြီးထံ မသွားဝံ့ကြောင်းပါ။ မိဖုရား၏ ရှေ့မှောက်၌သာ တောင်းပန် အသနားခံဝံ့ကြောင်းပါ။”
“ကဲကဲ.. ရှိစေတော့။ အသင်တို့ ဒီတစ်ကြိမ်တော့ သနားတော်မူလိုက်မယ်။ မောင်မင်းတို့ ငါ့အပေါ်သာ သစ္စာရှိမယ်ဆိုရင် မောင်မင်းတို့ကို ခွင့်လွှတ်ပေးဖို့ တပ်မင်းကြီးကို တောင်းဆိုပေးမယ်။”
“အတို့ကျွန်များ အမိန့်နာခံ သစ္စာတော်ခံယူလျက်ပါ။”
“အိမ်း… တပ်မင်းကြီး အခစားဝင်စေလိုက်။”
-----------------------------------------------
အခေါ်တော် ဆင့်လိုက်သည်ကို မှူးမတ်များ အားလုံးက မသွားရန် အကြိမ်ကြိမ် တားမြစ်သော်လည်း ညီမတော်ဖြစ်သည့် ရွှမ်းမီမယ်တော်ကြီးအာှး အခစားထွက်လာသည့် တပ်မင်းကြီး သုဒ္ဒရာဇာကို တပ်မင်း သတိုးရာဇာက နန်းစောင့်တပ် နှင့်အတူ လိုက်လံစောင့်ရှောက်လေသည်။ နန်းတော်ရှေ့သို့ရောက်လေသော်
“မယ်တော်ကြီး အမိန့်တော်ရှိလိုက်သည်။ အစ်ကိုတော် တပ်မင်းကြီး သုဒ္ဒရာဇာ တစ်ဦးတည်း ဝင်ရောက်ခစားစေ။ အမိန့်တော်။”
ထိုအခါ ငထွေသန်း၏ ကောက်ကျစ်မှုကို ရိပ်မိသော သတိုးရာဇာက
“တပ်မင်းကြီး။ ဝင်ရောက်ခစားရန် မသင့်ကြောင်းပါ။”
“တပ်မင်း။ အဘယ်ကြောင့်များ စိုးရိမ်နေသနည်း။ မိဖုရားက ကျုပ်ရဲ့ နှမတော်ပါ။”
“တပ်မင်းကြီး။ မသင့်ကြောင်းပါ။”
“မပြောနဲ့တော့ တပ်မင်း။ ကျုပ်လို တပ်မင်းကြီးကို ဘယ်သူလုပ်ကြံဝံ့သနည်း။ တပ်မင်းတို့ နန်းတော်အဝမှာပဲ စောင့်ကြပါ။”
နန်းတွင်းသို့ဝင်လာသော တပ်မင်းကြီးကို မိဖုရား နန်းဆောင်မရောက်မီ ဝန်ကြီးများနှင့် ကိုယ်ရံတော်တပ်က ဝိုင်းကာဖမ်းဆီး လုပ်ကြံလိုက်ကြလေသည်။ အချိန်အတော် လင့်နေပြီဖြစ်၍ အဝတွင် စောင့်နေသော တပ်မင်းသတိုးရာဇာက မသင်္ကာသဖြင့် နန်းတော်တံခါးကို ခေါက်လေရာ အထဲမှ အထုတ်တစ်ထုတ် ပစ်လိုက်လေသည်။ တပ်မင်းကြီး၏ ဦးခေါင်းပေတည်း။
“သယ်…… မိုက်ရိုင်းလိုက်လေ။ တပ်သားအပေါင်းတို့ အတင့်ရဲလှတဲ့ မိစ္ဆာတွေကို သုတ်သင်လော့။”
တပ်မင်း သတိုးရာဇာ၏ နန်းစောင့်တပ်တို့သည် နန်းတော် တံခါးကိုချိုးဖျက်၍ နန်းတော်တွင်းသို့ဝင်ကာ ကိုယ်ရံတော်တပ်တို့နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်လေတော့သည်။ တပ်မင်းသတိုးရာဇာကို အထင်သေး လျှော့တွက်မိသော ငထွေသန်းနှင့် အပေါင်းအပါတို့သည် သိင်္ဂသီဟ မင်းကြီးနှင့် သိင်္ဂသူရ ကိုယ်တော်လေးတို့ကို ဖမ်းဆီးကာ အနောက်ဆောင်မှ တဆင့်ထွက်ပြေးကြလေသည်။ တပ်မင်း သတိုးရာဇာ ဦးဆောင်သည့် နန်းစောင့်တပ်က ကိုယ်ရံတော်တပ်ကို အောင်နိုင်ကာ အတွင်းဆောင်သို့ ဝင်ရောက်ခစားလေသည်။ နန်းဆောင်တွင်းသို့ရောက်သော် ဖရိုဖရဲဖြစ်နေသည့် နန်းဆောင်အတွင်း ဖမ်းချုပ်ထားသော မယ်တော်ကြီး ရွှမ်းမီ ကိုကယ်တင်လိုက်ပြီး
“သစ္စာဖောက်များကို နှိမ်နင်းပြီးကြောင်းပါ မယ်တော်ကြီး။ နန်းစောင့်တပ်ကို မယ်တော်ကြီးလက်သို့ အပ်နှင်းပါတယ် မယ်တော်ကြီး။”
“သားတော်… သားတော်လေး။ သားတော်လေးကို သူတို့ခေါ်သွားကြပြီ။”
ရွှေမျက်ရည်တော်ကျကာ ပူဆွေးဝမ်းနည်းစွာ ငိုနေလေသည်။
“တပ်မှူး လင်းဒီပ နဲ့ တပ်မှူး ငလင်းဦး။ အမိန့်တော်နာခံ။ ငမိုက်သား ငထွေသန်းနဲ့ အပေါင်းအပါတွေကို အမြန်ရှာပြီး မင်းမြတ်ကို ပင့်ခေါ်စေ”
-----------------------------------------------
တပ်မှူး နှစ်ဦးလည်း ငထွေသန်းနှင့် အပေါင်းအပါတို့နောက်ကို လိုက်လံနှိမ်နင်းပြီး သိင်္ဂသီဟ ဘုရင်နှင့် သိင်္ဂသူရ ကိုယ်တော်လေးတို့ကို အချိန်မီ ကယ်တင်လိုက်လေသည်။
“အတို့ကျွန် လင်းဒီပ” “အတို့ကျွန် ငလင်းဦး”
“မင်းမြတ်နှင့် ကိုယ်တော်လေးကို ဦးခိုက်ဂါရဝ ပြုပါတယ်။ ရတနာမြင်းတော်စီး၍ ရွှေနန်းတော်သို့ ကြွတော်မူပါဘုရား။”
ဘုရင်မင်းမြတ်လည်း မြင်းပေါ်သို့တက်သော် ခပ်လှမ်းလှမ်းတစ်နေရာမှ လူတစ်စု ချီတက်လာသည်ကို တွေ့ရလေသည်။ အနားသို့ရောက်သော် တပ်မှူးလင်းဒီပက
“အဘယ်သူတွေလဲ။”
ထိုအဖွဲ့၏ စီးတော်ယာဉ်ပေါ်မှ လူကောင်ကြီးကြီး စစ်သူကြီးတစ်ဦး ဆင်းလာပြီး
“အတို့ကျွန် ရမ်းမော်စား လက်ထောက်တပ်မင်းကြီး ငရုပ်ဆိုးပါ။ တာတာတိုက်ပွဲများအပြီး ရှေ့တန်းမှ အပြန် နန်းတော်သို့ ဝင်ရောက် ဂါရဝပြုရန် ရောက်လာကြောင်းပါ မင်းမြတ်။”
“မောင်မင်းက စစ်သူကြီး ငရုပ်ဆိုးလား”
“မှန်လှပါ။ အတို့ကျွန် စစ်သူကြီး ငရုပ်ဆိုးပါ။”
“အိမ်း အသင် စစ်ကဲအရာနဲ့ ဦးဆောင်ရတဲ့ သီရိသုန္နရတိုက်ပွဲမှာ အရေးနိမ့်ထွက်ပြေးခဲ့ရတဲ့ ကြီးမားတဲ့ မောင်မင်းအပြစ်ကို သိရဲ့လား”
“အတို့ကျွန် ညံ့ဖျင်းမှုအတွက် အရှက်ရမိပါတယ် မင်းမြတ်”
ထိုအခါ သိင်္ဂသူရ ကိုယ်တော်က
“ယခု မောင်မင်းအပြစ်အတွက် ချေဖျက်ဖို့ အချိန်ကောင်းကို ရောက်လာပြီ။ မင်းမြတ်ကို ကယ်တင်လိုက်တဲ့ အတွက် မောင်မင်းရဲ့ အပြစ်တွေကို ခေတ္တမျှ မျက်ကွယ်ပြုပြီး လစ်လပ်သွားတဲ့ တပ်မင်းကြီး အရာအထူးကို ချီးမြှင့်တယ်။ ရွှေဘုန်းရှင် မင်းမြတ်ကို စောင့်ရှောက်၍ ရွှေနန်းတော်သို့ ပို့ဆောင်စေ။ နောင်တွင်မှ မောင်မင်းရဲ့ စွမ်းဆောင်ချက်များဖြင့် မောင်မင်း၏ အပြစ်များကို ဆေးကြောချေဖျက်ဖို့ ကြိုးစားစေ။ နန်းတော်ပြန်မယ်။”
“ကျေးဇူး ကြီးမြတ်လှပါတယ်။”
သက်တော် ၁၃ နှစ်သာရှိသေးသော သိင်္ဂသူရ ကိုယ်တော်လေးက နောင်တော် မင်းမြတ်ထက် သွက်လက်ထက်မြက်မှုကို တပ်မင်းတပ်မှူးအားလုံး မင်သက်စွာ ကြည့်ကာ အရှင်မင်းမြတ်ကို စီးတော်ယာဉ်တင် ခေါ်ဆောင်ကာ နန်းတော်သို့ ထွက်ခွာလာကြလေတော့သည်။
-----------------------------------------------
မင်းမြတ်ကို ကယ်တင်ကာ နန်းပို့ပြီး တပ်စခန်းသို့ ရောက်သော် ငရုပ်ဆိုးက
“တပ်မင်း ငရဲသွေး ကျုပ်အမြင် ပြောရရင် ကျုပ်တို့ရဲ့ မင်းမြတ်ဟာ ဘုန်းတန်ခိုးသြဇာ သိပ်မပွင့်တဲ့ ပုံပဲဗျ။ ဒါပေမယ့် သိင်္ဂသူရ ကိုယ်တော်လေးကျတော့ သွက်လက်ထက်မြက်ပြီး ဘုန်းတန်ခိုး သြဇာကြီးတာ တွေ့ရတယ်ဗျ။ ကိုယ်တော်လေးဟာ ပလ္လင်ထက် စံမြန်းနိုင်တဲ့ အရည်အချင်းတွေ ပြည့်ဝတယ်ဟုတ်စ။ သူ့ရဲ့အရည်အချင်းနဲ့ ထက်မြက်မှုက သူ့အသက်အရွယ်နဲ့ ယှဉ်ရင် တကယ့်ကို ရှားပါးတဲ့ ဘုန်းတန်ခိုးရှင် တစ်ယောက်ပဲ။”
“အတို့ကျွန်လည်း ဒီလိုပဲ ခံစားရပါတယ် အရှင်။”
“လက်ရှိရှင်ကို နန်းချပြီး သူ့ကို နန်းတင်လိုက်ရင်…”
“သိပ်ကောင်းတဲ့ အကြံပါ အရှင်။ ရှင်သစ်ကို နန်းတင်ရင် အရှင့်အနေနဲ့ အကျိုးဆက် နှစ်ခု ရလိမ့်မယ်။”
“မချွင်း လျှောက်စမ်း။”
“ပထမတစ်ခုက ရှင်သစ်ကို နန်းတင်ပြီးရင် လူတကာအလယ်မှာ အတိုင်းမသိ ကျော်ဇောမယ်။”
“နောက်တစ်ချက်ကကော ဘာများလဲ တပ်မင်း”
“ဒီနေ့ အရှင်က မင်းမြတ်ကို ကယ်တင်လိုက်တဲ့အတွက် အခွင့်ထူးကို ရတယ်။ အလားတူပဲ အရှင်ကသာ မင်းမြတ်အသစ်ကို နန်းတင်လိုက်ရင် ဘယ်သူကများ အရှင့်စကားကို မနာယူပဲ နေဝံ့သလဲ။ အရှင့်ရဲ့ အာဏာစက်လည်း တမဟုတ်ချင်းကို ထိုးတက်သွားမယ်။”
“ဟားဟားဟားဟား တပ်မင်း ငရဲသွေး။ ဒါကြောင့်လည်း ကျုပ်ရဲ့ အားကိုးရတဲ့ စစ်သူကြီးဖြစ် နေလေရော့သကိုး။ ဒီလိုအရေး ရှိလေမှတော့ မလုပ်ပဲနေလို့ ဘယ်ဖြစ်ပါ့မလဲ တပ်မင်းရယ်။”
“ဒီလို ကောင်းကျိုးနည်းတူ ဆိုးကျိုးတွေလဲ ရှိပါသေးတယ် အရှင်။”
“အင်း… ဘာများလဲ ငရဲသွေး။”
“ရှေ့ဘုရင် အဆက်ဆက်မှာလည်း ဒါမျိုးတွေ ရှိခဲ့ဖူးပါတယ်။ လက်တလော အသတ်ခံခဲ့ရတဲ့ တပ်မင်းကြီးကိုပဲ စံထားကြည့်ပါ။ လွှတ်တော်ဝန်ကြီးတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရပါတယ်။ အတို့ကျွန် ငရဲသွေး ထားရင်လည်း ရှင်ရပါမယ်။ သတ်ရင်လည်း သေရပါမယ် အတို့ကျွန် ငရဲသွေး စိတ်တိုင်းမှန်စွာ လျှောက်ရမယ်ဆိုလျှင် ဒီလိုလုပ်ရပ်ဟာ အားလုံးရဲ့ ဦးတည်ရာ ဘုံရန်သူ ဖြစ်လာဖွယ်ရှိပါတယ်။ ဒီအရေးကိုလည်း ထည့်၍ ဆုံးဖြတ်တော်မူပါ။ တပ်မင်းကြီး သုဒ္ဒရာဇာ လုပ်ကြံခံရလို့ တပ်မင်းကြီးနေရာ ရောက်တယ့် အရှင်လည်းပဲ သုဒ္ဒရာဇာလို လမ်းစဉ်ဖြစ်သွားမှာကို သတိမူသင့်ပါတယ် အရှင်။”
“အင်း… ဒါလည်း လက်ခံပါတယ်။ သိုပေမယ့် ငါက ငရုပ်ဆိုးလေကွာ။ ငရုပ်ဆိုးအကြံ ဘယ်သူ အာခံဝံ့သလဲ။ ဟားဟားဟားဟား”
ကျေနပ်စွာ ပြုံးရယ်သံနှင့်အတူ ငရုပ်ဆိုး၏ အာဏာလောဘသည်လည်း အတောမသတ် ရှိနေပေတော့သည်။
-----------------------------------------------
2 ရဲ့ အမြင်လေးတွေ:
နာမည်တွေ များလာတော့ သေချာ မှတ်နေရသလို... ပိုစိတ်ဝင်စားလာတယ်....။ ငရုပ်ဆိုး... ရယ်သံ ပြီးတော့...ဆက်လာမှာ မျှော်နေမယ်..။
ဟဲဟဲ...2 ဖတ်ပြီးသားပေမယ့် ပြန်ဖတ် လိုက်ရတယ်..။ အဆက်အစပ် မမိဘူးဖြစ်နေသလိုမို့...
Post a Comment