ဤဝတ္ထုကို Luo Guanzhong ၏ Three Kingdoms ဇာတ်လမ်းကျောရိုးကို အခြေခံ၍ ပထမမြန်မာနိုင်ငံတော် (ပုဂံခေတ်) နှောင်းပိုင်းအချိန် မြန်မာ့ခေတ် မြန်မာ့ဟန်နဲ့ စိတ်ကူးယဉ် ရေးသားထားခြင်းသာ ဖြစ်ပါသည်။ သမိုင်းလို မဖတ်ပဲ ဝတ္ထုလိုပဲ ဖတ်ပေးပါရန် မေတ္တာရပ်ခံပါတယ်။ စိတ်ကူးယဉ် ဇာတ်လမ်းသက်သက် မျှသာဖြစ်ပါသည်။ သမိုင်းကို မှားအောင်ပြုလုပ်ခြင်း မဟုတ်ကြောင်း ကြိုတင် တောင်းပန်ချင်ပါသည်။ တချို့သော ပုဂံခေတ် အသုံးအနှုန်းတွေကလည်း ကျနော်အပါအဝင် စာဖတ်သူတွေလည်း ဖတ်ရမှာ ထောက်နေမှာဖြစ်လို့ မသုံးထားတာတွေလည်း ရှိပါသည်။ အဲဒီအတွက် နားလည် ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ လေးစားလျက်.... ဗီလိန်

အပိုင်း (၁) သွေးသောက် သုံးဖော်

ပုဂံရွှေမြို့တော်တွင်ဖြစ်သည်။ ပုန်ကန်ထကြွနေသည့် တာတာများရန်က ပုဂံရွှေပြည်တော်သို့ မကြာခင် ရောက်လာတော့မည်။ ညီလာခံတွင် တပ်တော် တပ်မင်းကြီး သုဒ္ဒရာဇာ က
“မှန်လှပါ မင်းမြတ်။ အခုအချိန်မှာ တာတာတပ်တွေဟာ အင်အားကြီးမားလာပြီး မကြာခင်မှာ ရာဇပလ္လင်ကိန်းရာ ရွှေနန်းတော်ကို ထိပါးလာပါတော့မယ် ဘုရား။ သို့ပါ၍ အင်အားလျော့နည်းနေပြီ ဖြစ်သော တပ်တော်ကို စစ်အင်အားစုဆောင်းပြီး တောင့်တင်းခိုင်မာသည့် ခံစစ်တစ်ခုအဖြစ် တည်ဆောက်ရန် လိုအပ်ကြောင်းပါဘုရား။”
“အိမ်း... ခွင့်ပြုတော်မူတယ် တပ်မင်းကြီး။ သင့်သလိုဆောင်ရွက်စေ။”
“အမိန့်တော်မြတ် အတိုင်းပါဘုရား..........”


-----------------------------------------------

နေပြည်တော်၏ လူစည်ကားရာ ဈေးတန်း တစ်နေရာတွင်ဖြစ်သည်။
“ဗျို့ နောင်ကြီး၊ ဝက်သားလိုချင်လို့ဗျ။”
“မရသေးဘူး ခင်ဗျ။ တောင်းပန်ပါတယ်”
“မင်း ရောင်းနေတာမဟုတ်ဘူးလား။ ပိုက်ဆံပေးပြီးဝယ်မှာပါကွ။ အလကားမယူပါဘူး။”
“ကျုပ်ဆရာ မရှိလို့ပါ ခင်ဗျ။ သူလာရင် ဝယ်လို့ရပါမယ်။”

ဝက်သားဆိုင်တွင် ကတောက်ကဆဖြစ်နေစဉ် ဆိုင်နှင့်မလှမ်းမကမ်းတွင် ပဲရောင်းနေသော အင်္ကျီအစိမ်းဝတ်ထားသော တည်ကြည်ဖြောင့်မတ်သည့် ရုပ်ရည်ပိုင်ရှင် လူတစ်ဦးရောက်လာပြီး
“ကောင်လေး။ ရောင်းလိုက်လေကွာ။ ဒါမင်း စီးပွားရေးပဲ မင်းရောင်းရမှာပေါ့။”
“ကျုပ်မရောင်းချင်လို့ မဟုတ်ပါဘူးဗျာ။ ကျုပ်ဆရာမရှိရင် ဘယ်လိုရောင်းရမတုန်းဗျ။ ကဲ... ကဲ... လာဗျာ။ ကျုပ်ပြမယ်။”

ဟုဆိုကာ အနီးရှိကျောက်ဆုံကြီး တစ်ခုအနီးသို့ခေါ်သွားသည်။ ကျောက်ဆုံ၏ အပေါ်၌ လူနှစ်ယောက်လောက် ဝိုင်းမမှ ရွေ့နိုင်မည့် ကျောင်းတုံးတစ်တုံးဖြင့် ပိတ်ထားသည်။
“ဒီကျောက်ဆုံထဲမှာ ဝက်သားရှိတယ်ဗျာ။ ကျုပ်က ဘယ်လိုလုပ်ပြီး ထုတ်ပေးလို့ရမှာလဲဗျ။”
“အပေါ်ကကျောက်တုံးကို ငါရွှေ့မယ် ဆိုရင်ကောကွာ။”
“ရွှေ့မယ်။ ဟားဟားဟားဟား။ ကျုပ်ဆရာက အစောထဲက ပြောပြီးသား။ ဒီကျောက်တုံးကို ရွှေ့နိုင်တဲ့သူကို အထဲက ဝက်သား အလကားပေးမတဲ့ဗျာ။”
“ကောင်လေး သေချာစဉ်းစားနော်။ ငါရှုံးရင် မင်းဘာမှ မရဘူး။ မင်းရှုံးရင် တန်ဖိုးကကြီးတယ်နော်။”
“ဟားဟားဟား။ ဒါဆို ရွှေ့လေ.... ရွှေ့လေဗျာ။”

ဟု ထီမထင်သည့် မဲ့တဲ့တဲ့ ပုံဖြင့်ပြောပြီး တဘက်သို့လှည့်သွားသည်။ ထိုအခါ ပဲကုန်သည်က ပုဆိုးကို ခါးထောင်းကျိုက်၍ အင်္ကျီလက်ကို ဆွဲတင်ပြီး အားကုန်သုံး၍ ကျောက်ဆုံပေါ်မှ ကျောက်တုံးကို မလေရာ အံ့သြဖွယ် ကောင်းလောက်အောင် တဖြည်းဖြည်းချင်း ရွှေ့၍ ဖယ်ရှားလိုက်လေသည်။ “ကဲ မင်းဘာပြောချင်သေးလဲ”
“မပြောချင်ပါဘူး သူရဲကောင်းကြီးရယ်၊ ကျနော်ဘာလုပ်ပေးရမလဲခင်ဗျ။”
“အဲဒီထဲက ဝက်ကို ခုတ်ထစ်ပြီး ဝက်သားဝယ်မယ့်နောင်ကြီးကို ပေးလိုက် ပိုတာတွေကို ရှေ့ကလူတွေကို ဝေပေးလိုက်”
“ခင်ဗျာ....”
“ဝေပေးလိုက်လို့ ပြောနေတယ်လေကွာ”
“ဟုတ်... ဟုတ်ကဲ့ပါခင်ဗျာ။”

ဝက်သားသည်လေး အောင့်သက်သက်နှင့် ဝေပေးနေသည်ကို ပျော်ရွှင်စွာ ယူနေကြသည့် ဆင်းရဲသားများကြားမှ လူတစ်ယောက်၏ လက်ကို ပဲကုန်သည်က ဖမ်းဆွဲလိုက်ပြီး
“မင်းကတော့ ပိုက်ဆံ ပေးရလိမ့်မယ်။”
“ဗျာ။ ဘာလို့လဲဗျ။ သူများတွေလည်း ယူနေတာပဲကို။”
“အေး။ ဒါပေမယ့် မင်းကပေးရမယ်။”

ထိုလူ၏နောက်မှ သူ၏ သူဌေးဟု ထင်ရသည့် လူက ပိုက်ဆံထုတ်ပေးပြီး ကုပ်ကုပ်ကုပ်ကုပ်နှင့် နှစ်ယောက်သား ထွက်သွားကြသည်။ ဆင်းရဲသားများအား ဝေငှသည့်အထဲ ပိုက်ဆံရှိလျက် အချောင်နှိုက်ချင်သူများကလည်း ရှိပေသေးသည်ကိုး...........။ ထိုလူထံမှရသည့် ငွေဒင်္ဂါးများကိုပါ လူအုပ်ထဲသို့ ကြဲချပေးလိုက်သည်။ အလုအယက် ကောက်နေကြသည့် လူအုပ်၏ တစ်ဘက်တွင် ဖြစ်ကြောင်းကုန်စင် အစအဆုံးကို ကြည့်နေသူက တည်ငြိမ်ခံ့ညားသည့် ရုပ်ရည်ပိုင်ရှင် ကြိမ်ကုန်သည်တစ်ဦးပင်တည်း။ ရုတ်တရက် ကြိမ်ကုန်သည်နှင့် ပဲကုန်သည် မျက်လုံးချင်းဆုံသွားရာမှထိုသူမှာ တော်ရုံလူတစ်ဦး မဟုတ်ကြောင်း ကြိမ်ကုန်သည်က ခန့်မှန်းမိလေသည်။

-----------------------------------------------

ပဲကုန်သည်လည်း လူအုပ်ကိုဖြတ်ပြီး သူ၏ပဲအိတ်များ ဘေးတွင် ပြန်ထိုင်လိုက်သည်။ မလှမ်းမကမ်းမှ အမည်မသိ ကြိမ်ကုန်သည်ကိုလည်း အကဲခတ်နေမိသည်။ ထိုလူကလည်း ပဲကုန်သည် သူရဲကောင်းကြီးကို ပြန်လည်အကဲခတ်၍ ဝိသေသတစ်ခုခုကို ဖော်ထုတ်နေပုံရသည်။ မရှေးမနှောင်း ဆိုသလိုပင်။ ဝက်သားကောင်လေးက သူ့ဆရာဆိုသူ နှုတ်ခမ်းမွှေးကားကား သန်သန်မာမာနှင့်လူကို သွားခေါ်လာပြီး ထိုသူက သူရဲကောင်း ပဲကုန်သည်ကြီးရှေ့တွင် ရပ်လေရာ ပဲကုန်သည်က
“နောင်ကြီး ပဲတွေကောင်းတယ်ဗျ။ ဘာလို့မဝယ်တာလဲ”
ထိုအခါ ဝက်သားသမားက ပဲတချို့ကို ယူ၍ လက်ဖြင့်ဆုပ်ကာ အားဖြင့်ညှစ်လိုက်ရာ ညက်သွားပြီး “ပဲ။ ဟုတ်လား။ ခင်ဗျားဟာက ပဲမှုန့်တွေပဲ။ ပဲမှ မဟုတ်ပဲ။”
“နောင်ကြီးက ပဲလိုချင်တာလား။ ပဲမှုန့်လိုချင်တာလား။ ဝယ်ဖို့ ဆန္ဒမရှိရင်လည်း ပဲတွေကို မဖျက်ဆီးပါနဲ့ဗျာ။”
ထိုအခါ ဝက်သားသည်က ထီမထင်သော ပုံစံဖြင့်ပြောနေသည့် ပဲကုန်သည်ကို ဒေါသထွက်လာသဖြင့်
“ဒီလောက်တောင် ဖြစ်တဲ့လူ။ ရား.........”
ဆိုပြီး ပဲသည်ကို ဝင်လုံးပါလေသည်။ ပဲသည်ကလည်း အလျင်အမြန်ဘေးသို့ ရှောင်တိမ်းကာ ပြန်လည်ခုခံသည်။ လက်ရည်တူ သတ်ပုတ်နေသည်ကို ကြည့်နေကြသည့် လူအုပ်ကြားထဲမှ အကဲခတ်လေ့လာနေသူက ကြိမ်ကုန်သည် ဖြစ်သည်။ သူ၏ အတွေးတွင်ကား
“ဒီလူနှစ်ဦးက ထူးခြားတယ်။ တစ်ယောက်က တည်ကြည်တယ်။ မှန်ကန်တယ်။ နောက်တစ်ယောက်က သန်မာတယ်။ ရဲရင့်တယ်။ သူတို့ အကူအညီနဲ့ဆို ငါ့အကြံ အကောင်အထည်ဖော်ဖို့ တော်တော် အထောက်အကူရမှာပဲ။”
ဟုမှန်းဆ၍ လူအုပ်ကို ဖြတ်ကာ သတ်ပုတ်နေသည့် ထဲသို့ဝင်သွားပြီး နှစ်ဦးကို လူချင်းခွဲလိုက်ရင်း
“ရောင်းရင်းတို့ နေကြပါဦးဗျ။ အခုလိုတန်ဖိုးရှိတဲ့ သူရဲကောင်းတွေနဲ့ တွေ့ရတာ ကျုပ်ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ လေးစားမိပါတယ်။”
“ဒီလိုလဲ မဟုတ်ရပါဘူး နောင်ကြီးရာ။”
“ခုနက ကျောက်ဆုံပေါ်က ကျောက်တုံးကို ခင်ဗျား မ ရွှေ့နိုင်တယ်လို့ ကြားတယ်။ အခုလည်း ကျုပ်ဆန္ဒလေးတွေ ဆွေးနွေးချင်လို့လာခဲ့တာပါ။”
“အော်။ လက်စသတ်တော့ နောင်ကြီးက ဒီလိုလားဗျ။”

ဟား ဟား ဟား ဟား
သုံးယောက်သား ပြိုင်တူရယ်လိုက်ကြသည်။
“ဝက်သားက ပါမွှားပါဗျာ။ ကဲ ကဲ လာဗျာ။ ကျုပ်အိမ် လိုက်ခဲ့ကြ။ စကားလေးဘာလေး ပြောရတာပေါ့။ မိုးကလည်းရွာတော့မယ်။”
ဝက်သားသည်၏ အိမ်သို့ သုံးယောက်သား လက်တွဲ၍ ထွက်ခွာသွားလေသည်။ အိမ်ရောက်ရောက်ချင်း ဆိုသလိုပဲ မိုးကလည်းရွာလေတော့သည်။

-----------------------------------------------

ချမ်း - “မိုးက တော်တော်ကောင်းတာပဲဗျ။ ကဲ ကဲ ထိုင်ကြဗျာ။ ကျုပ်ကိုယ်ကျုပ် အရင်မိတ်ဆက်မယ်။ ကျုပ်နာမည်က ငချမ်းရဲပါ။ ကံဖေးလို့သာ နောင်ကြီးတို့လို သူရဲကောင်းတွေနဲ့ ဆုံခွင့်ရတာပါ။ ကျုပ်ကို ညီအစ်ကိုလို သဘောထားပါဗျာ။” ဟု သူ့ကိုယ်သူမိတ်ဆက်ပြီး တဘက်မှလည်း
ချမ်း - “ဟေ့... ငဘုရေ။ အကြမ်းရည်လုပ်ကွာ။”
ထိုအခါ ပဲကုန်သည်က
မျိုး - “ကျုပ်က ငမျိုးပါ။”
ကြိမ်ကုန်သည်ကလည်း
ဂျဲ - “ကျုပ်က ငဂျဲပါဗျာ။”
သူက ဆက်ပြောသည်။
ဂျဲ - “ရောင်းရင်းတို့ နှစ်ယောက်က တော်ရုံလူတွေ မဟုတ်ဘူး ဆိုတာ ကျုပ်သိပါတယ်။ အခုလို တိုင်းရေးပြည်ရေး ရတက်မအေးရချိန်မှာ မင်းမြတ်ကိုယ်တိုင်ကလည်း မစွမ်းသာ ဖြစ်နေပါတယ်။ အခုလိုအချိန်ဟာ ရောင်းရင်းတို့လို သူရဲကောင်းတွေရဲ့အချိန်ပါ။ ရောင်းရင်းတို့မှာ ဘာအစီအစဉ်များရှိသလဲ သိလိုပါတယ်။””

မျိုး - “ဟုတ်တယ်ဗျာ။ ကျုပ်လည်း ဒီတာတာတွေရဲ့ ပြည်သူတွေအပေါ် ရက်စက်မှုတွေ၊ လူမဆန်မှုတွေကို မခံနိုင်လို့ နေပြည်တော်ဘက် ထွက်လာတာဗျ။ ရွှေနန်းတော်ကလည်း နန်းတွင်းရေးတွေ ရှုပ်နေပုံနဲ့ မလွယ်ပါဘူးဗျာ။ ဦးဆောင်မယ့် သခင်ကောင်းရှာဖို့ ထွက်လာတာ အချိန်တွေတောင် အတော်ပြုန်းနေပြီ။ ခုချိန်ထိ လေးစားလောက်တဲ့ ခေါင်းဆောင် မတွေ့နိုင်သေးပါဘူးဗျာ။”
ငမျိုး၏ စကားကို ငချမ်းရဲကထောက်ခံရင်း ဆက်ပြောသည်။
ချမ်း - “ဟုတ်တယ်။ ဒီဘီလူးတွေရဲ့ လည်ပင်းသွေးကို မဖောက်ရရင် ကျုပ်လူဖြစ်ရကျိုးမနပ် ဖြစ်တော့မယ်။ ဒီကောင်တွေကို မဆုံးမရသေးလို့ ကျုပ်ကိုယ်ကျုပ် ခွင့်မလွှတ်နိုင်ဖြစ်နေတာဗျ။”
မျိုး - “မနက်က မြို့ထဲမှာ စာကပ်ထားတာ တွေ့တယ်။ သက္ကဂီရိတော့ ကျသွားပြန်ပြီတဲ့။ ကျုပ်ကတော့ တိုင်းပြည်နဲ့လူမျိုးအတွက် ကျုပ်အသက်နဲ့ ခန္ဓာကို တိုက်ပွဲမှာသုံးဖို့ တပ်ထဲဝင်ဖို့ ဆုံးဖြတ်ထားတယ်ဗျာ။”
ချမ်း - “ဒါမှ ဇာမဏီသွေးဗျ။ ကျုပ်လည်းလိုက်မယ်ဗျာ။ ဘယ်လိုလဲ ရောင်းရင်းရဲ့။ ခင်ဗျားကကော လိုက်မယ်မဟုတ်လား။”
အတိုင်အဖောက်ညီနေကြသော ငမျိုးနှင့် ငချမ်းရဲတို့က ငဂျဲဘက်သို့ လှည့်ပြီးမေးလေရာ ငဂျဲက သက်ပြင်းရှည်ကြီးချလိုက်သည်။
မျိုး - “ဘာအကြောင်းနဲ့များ သက်ပြင်းချရတာတုန်း ရောင်းရင်းရဲ့။ အခုလိုအချိန် တိုင်းပြည်အရေးရင်လေး နေရချိန်မှာ တပ်ထဲမှာ အမှုထမ်းဖို့က မသင့်ဘူးလားဗျ။”
အသာအယာခေါင်းကိုခါယမ်းရင်း ငဂျဲက
ဂျဲ - “ပျားအုံကို မီးခိုးမှိုင်းတိုက်လိုက်ရင် ပျားတွေ ထွက်လာသလိုပါပဲ။ သူရဲကောင်းဆိုတာ တိုင်းပြည်အခက်အခဲ ကြုံနေရတဲ့အချိန်မှာ ပေါ်ထွက်လာစမြဲပါ။ ရောင်းရင်းတို့ နှစ်ယောက်ဟာ သူရဲကောင်းတွေပါ။ ဒီအချိန်မှာ သူရဲကောင်းသွေး ပြရမယ့်အချိန်မှာ ဘာကြောင့်များ သူများနောက်လိုက်လုပ်ကြမှာလဲ။ တာတာတပ်တွေက လျင်မြန်ပါဘိ။ တောင့်တင်းပါဘိနဲ့။ အခုဆို တပ်မင်းကြီးက စစ်သားစုဆောင်းဖို့ အမိန့်ထုတ်ထားတယ်။ ဒီလိုဗျာ လူတိုင်းမှာ စွမ်းဆောင်နိုင်ရည် ဆိုတာ အတိုင်းအတာရှိတယ်။ အခုအချိန်မှာ လိုအပ်နေတာက ခေါင်းဆောင်။ တပ်သားတွေက အရမ်းများပြီး တာဝန်ယူမယ့် ခေါင်းဆောင် လိုအပ်နေတာ။ ရွှေနန်းတော်မှာကလည်း မင်းမြတ်ကလည်း နန်းတွင်းရေးကို ဂရုမစိုက်၊ ဒါကို လွှတ်တော်ဝန်ကြီးတွေက အာဏာကို ကြီးစိုးပြီးချုပ်ကိုင်၊ စစ်ကဲ၊ တပ်မင်း၊ မြို့ဝန်၊ တရားသူကြီး တွေက လာဘ်စား၊ နန်းတွင်းရေးတွေရှုပ်နေပြီး ဂိုဏ်းတွေအမျိုးမျိုးကွဲ၊ ဒီလိုပုံမျိုးနဲ့ ဘယ်သူက တာဝန်ယူပြီး စုစည်းမှာတုန်းဗျ။ တွေးလိုက်ရင်တော့ ရတက်မအေးစရာပဲ ရောင်းရင်းတို့ရာ။”
မျိုး - “အဲဒီတော့ ရောင်းရင်းက ဘယ်လိုလုပ်ချင်တုန်းဗျ။”
ချမ်း - “ကျုပ်ကတော့ ဝက်သတ်သမားပါဗျာ။ တိုင်းရေးပြည်ရာတွေ မသိပါဘူး။ ရောင်းရင်းတို့ပဲပြောကြပါဗျာ။ ကျုပ်ဘာလုပ်သင့်တယ် ဆိုတာသာ ပြောကြပါဗျာ။”
ငဂျဲက သက်ပြင်းထပ်ချပြီး သောက်လက်စ အကြမ်းရည်ကိုမော့လိုက်သည်။
မျိုး - “ဘာတွေ တွေဝေနေတာတုန်း ရောင်းရင်းရဲ့”
ထိုနောက် တည်ငြိမ်လေးနက်သည့် အသံဖြင့်ပြောသည်။
ဂျဲ - “တိုင်းပြည်အတွက် အလုပ်ကြီးတစ်ခုလုပ်ချင်နေတဲ့ လူတစ်ယောက်ရှိတယ်ဗျ။ သူ့ရဲ့ အဘိုးဟာ ဘိုးတော် အလောင်းစည်သူမင်းကြီးရဲ့ မြစ်တော်ဖြစ်ပြီးတော့ နန်းတွင်းအရှုပ်တော်ပုံတွေကြောင့် လုပ်ကြံခံရပြီး တက္ကောလ(တကောင်း)နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်။ အခုအချိန်မှာတော့ သူဟာ တိုင်းပြည်အတွက် တစ်ခုခုလုပ်ပေးချင်တဲ့ ဆန္ဒတွေ သိပ်ပြင်းပြနေတယ်လေ။ ဇရာတွေသာ ထောင်းလာတယ်။ တက္ကောလ(တကောင်း)မြို့စား ဖြစ်တဲ့သူဟာ အခုအချိန်အထိ ဘာမှဖြစ်မလာသေးဘူး။ နောက်ဆုံးတော့ ရည်ရွယ်ချက်တွေ အကုန် ရေထဲမျှောပစ်ရတော့မယ်နဲ့ တူပါတယ်ဗျာ။”
မျိုး - “ဒါဆို ရောင်းရင်းပြောတဲ့သူက.....”
ဂျဲ - “ဒီလူက ကျုပ်ပဲဗျ။”
နှစ်ဦးလုံး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ငမျိုးကပြောသည်။
မျိုး - “ဗျာ.... ဘယ်နှယ့် ရောင်းရာ။ စောစောကပြောရောပေါ့။ ပြောပါဗျာ။ ရောင်းရင်းက ဘာဖြစ်ချင်တာလဲ။”
ချမ်း - “ဒါ... ဒါဆို ကျုပ်ရှေ့မှာ ထိုင်နေတဲ့သူက....... တော်ဝင်နွယ်ဖွား သကျသာကီသွေးပေါ့။ ပြောပါနောင်ကြီး နောင်ကြီးအတွက် ဘာလုပ်ပေးရမလဲပြော။”
ဂျဲ - “ကျုပ်ကတော့ နယ်အရပ်ရပ်က သူရဲကောင်းတွေနဲ့ အင်အားစုပြီး ဒီတာတာတွေကို ဒီမြေပေါ်ကနေ အမြစ်မကျန် သုတ်သင်ပစ်ပြီး တိုင်းပြည်ကြီး အေးချမ်းသာယာအောင် လုပ်ချင်တယ်ဗျာ။ ဒီ့အတွက် လိုအပ်တဲ့ လူအင်အားနဲ့ ငွေကြေးဘဏ္ဍာကလည်း မလုံလောက်ဘူး ဖြစ်နေတယ်ဗျ။”
“ဟားဟားဟားဟား”
ငချမ်းရဲက အားရပါးရရယ်မောရင်း..
ချမ်း - “ဒါများ နောင်ကြီးရာ။ ငွေအတွက်ဆို မပူပါနဲ့ ကျုပ်မှာ ငွေအလုံအလောက် ရှိပါတယ်ဗျ။ ဒီအရေးတော်ပုံကို နောင်ကြီးနဲ့သာ လက်တွဲခွင့်ပေးပါ။”
ဂျဲ - “ရောင်းရင်း။ ကျီစယ်ခြင်းတော့ မဟုတ်တန်ပါဘူးနော်။”
ချမ်း - “ယောက်ျားစကားပါဗျ။ နှစ်ခွန်းမပြောပါဘူး။ ဟားဟားဟားဟား”
ဂျဲ - “ကောင်းပြီဗျာ။ ဒါဆိုလည်း အားမနာတော့ဘူးဗျာ။ ချည်တစ်မျှင်နဲ့ ကြိုးတစ်ချောင်း မဖြစ်နိုင်သလို။ သစ်တစ်ပင်နဲ့ သစ်တော မဖြစ်နိုင်ပါဘူး။ ကျုပ်လည်း တစ်ယောက်တည်း ဒီအရေးတော်ပုံကို မစွမ်းနိုင်ပါဘူးဗျာ။”
မျိုး - “ရောင်းရင်းအတွက် မနှစ်မြို့ဖွယ်မရှိဘူးဆိုရင် ကျုပ်ကိုလည်း ပါဝင်ဆောင်ရွက်ခွင့်ပေးပါ။”
ဂျဲ - “ကျုပ်အတွက်က ရောင်းရင်းတို့ နှစ်ယောက်နဲ့ တွေ့ရတာဟာ ကန္တာရထဲ ရေပေးလိုက်သလို၊ နှင်းတောထဲ မီးပေးလိုက်သလိုပါပဲ။ ရောင်းရင်းတို့ဟာ ထက်မြက်တဲ့ သူရဲကောင်းတွေပါ။ ကျုပ်လူ့သက်တမ်း တစ်ဝက်ကျိုးတာတောင် ကျုပ်ရည်မှန်းချက်တွေ လမ်းစတောင် မမြင်ရသေးတဲ့အချိန်မှာ ရောင်းရင်းတို့ နှစ်ယောက်ကြောင့် မျှော်လင့်ချက်တွေ ရှိလာပြီ။ ရည်မှန်းချက်တွေ နီးလာပြီ။ ကဲလာဗျာ.... သွေးသောက်ပြီး သစ္စာပြုရအောင်။ ဘယ်လိုသဘောရလဲ။”
ချမ်း - “ပြောစရာလိုသေးလို့လားဗျာ။ ကျုပ်တို့ သွေးသောက်ညီအစ်ကို သုံးယောက်ပေါင်းပြီးတော့ အရေးတော်ပုံကို အောင်မြင်အောင်လုပ်မယ်။ ဒီတာတာတွေကို ဒီမြေမှာ ခေါင်းတစ်လုံးမှ မကျန်တဲ့အထိ သုတ်သင်မယ်ဗျာ။”
မျိုး - “ငှက်ကောင်းဟာ သစ်ပင်ကောင်းကိုရွေးတယ်။ ယောက်ျားကောင်းဟာ သခင်ကောင်းကို ချဉ်းကပ်တယ်။ ကျုပ်ရဲ့ အသက်နဲ့ ခန္ဓာကို နောင်တော်ရဲ့လက်ကို အပ်ပါတယ်ဗျာ။”
သွေးဆာနေသည် မျိုးချစ်စိတ်ဓာတ်က မီးတောက်နေသည့် မီးငှက် တစ်ကောင်လား ထပြန်သွားသည်။ ချက်ချင်းဆိုသလို ငမျိုးက ဇတ်ကနဲ လက်ဖျံကို ဓားဖြင့် လှီးလိုက်သည်။ သွေးတောက်တောက်ကျနေသော ဘယ်ဘက်လက်ဖျံကို ရှေ့သို့ထုတ်လိုက်သည်။ ငချမ်းရဲကလည်း ဘယ်ဘက်လက်ခုံကိုလှီးပြီး ရှေ့သို့ထုတ်လိုက်ကာ
ချမ်း - “ကျုပ်ရောပဲ။”
မျိုး - “ဓားတောင်ကိုဖြတ် မီးပင်လယ်ကို ကျော်ရလည်း အတူလက်တွဲမယ်။”
ချမ်း - “ကျုပ်ရောပဲ။”
မျိုး - “နတ်ပြည် ၆ထပ်၊ ငရဲပြည် ၈ထပ်သွားလည်း အတူလက်တွဲမယ်။”
ချမ်း - “ကျုပ်ရောပဲ။”
မျိုး - “သေတူရှင်မကွာ သစ္စာရှိစွာနဲ့ နောင်တော့်အပါးမှာ သစ္စာခံပါတယ်။”
ချမ်း - “ကျုပ်ရောပဲ။”
မျိုး - “ဒီစကားတွေ ကျုပ်အသက်နဲ့ ခန္ဓာကွဲသည့်တိုင် ခိုင်မြဲစေရပါမယ်။”
ချမ်း - “ကျုပ်ရောပဲ။”
ထိုအခါ ငဂျဲကလည်း ဘယ်ဘက်လက်ဖျံကို ဓားဖြင့်လှီးပြီး သုံးယောက်သား ဘုရားရှင်ရှေ့တွင်ဒူးထောက်ကာ သွေးသောက်သစ္စာ ပြုကြလေသည်။ ရင်ထဲတွင် ဆို့နင့်နေသည့် ပီတိတို့ကား ဘယ်အရာနှင့်မှ မလဲနိုင်ပါပေတကား။

-----------------------------------------------

11 ရဲ့ အမြင်လေးတွေ:

မေဇင် said...

ဟာ...အဲ့လို အပိုင်းမခွှဲထားနဲ့လေ.... တစ်ခါတည်းနဲ့ ဘာလို့ အကုန်မတင်တာလဲ...။ ဝေဖန်ချင်တာကတော့... စာဖတ်သူပိန်းလို့လဲ ဖြစ်ရင်ဖြစ်မယ်... ဒါပေမယ့် .... ဒီစကားကို ဘယ်သူ ပြောနေလဲ ဆိုတာ ပြန်ပြန်ဖတ်နေရတယ်.. ...း) ငမျိုးပြောတာလား... ငချမ်းရဲ ပြောတာလား ငဂျဲပြောတာလား ဆိုတာပေါ့.. အဟဲ....။ ခေါင်းမူးနေလို့ လဲ ဖြစ်ပါလိမ့်မယ်...ခုချိန်မှာတော့ ငဂျဲက ခေါင်းဆောင်သွားပီပေါ့... သူတို့ ၃ ယောက်မှာ..း)

သတိုးရာဇာ said...

ဖတ်ရတာ နည်းနည်း ရှုပ်သွားတယ်...အစပိုင်းမို့ နေမှာပါ..ကိုဗီရေ....
နောက်လာမည့် အပိုင်းများကို မျှော်လင့်နေပါတယ်..
မြန်မြန်တင်ဗျ....မြ၀တီ ဇတ်ကားကြည့်ရသလိုပဲနော်...
အင်တင်တင် ...ဟာတာတာနဲ့ ... :P

ဖိုးဂျယ် said...

လာဖတ်တယ်ဟ ကောင်းတယ်
ဆက်ရေး အဲ့လိုလေး ဖတ်ချင်နေတာ

Lucifer said...

ကောင်းတယ် .. စိတ်ကူးကောင်းတယ် ..စာအရေးအသားလည်းကောင်းတယ်.. ဖတ်ရတာလည်းကောင်းတယ်..အဲ့ အကို သီတာပြောတာ စာဖတ်ရတာကိုနော်..
ဆက်ရေး ဆက်ရေး ..အားပေးတယ်

ဖိုးသင်္ကြန် said...

"စ" ပြီကော။ သူရဲကောင်းများကတော့ ထောင်ထောင်မောင်းမောင်းနဲ့ အားရစရာ...
အကြည်တော် ကာကဗီလိန္ဒ ဘယ်နားကနေ ပေါ်လာမှာပါလိမ့်...
မျှော်ရဦးမည်ပ။

သီဟသစ် said...

ညီလေးဗီဇာနည်ရော

သူရဲကောင်းသုံးယောက်တော့ ပေါ်လာပြီ
ဗီဇာနည်ထွက်လာမှာကို စောင့်မည်

ခင်မင်စွာဖြင့်
သီဟသစ်

ဗီလိန် said...

ဟဲဟဲ ပေါ်လာရင် ရှယ် ပေါ်လာမှာ။ အဟိ။

လင်းဒီပ said...

အမောင်ဗီလိန်ရေးတဲ့ဇာတ်က စဖတ်တည်းက ကောင်းသကွယ်...။

မောင်ဖားကြီး said...

အပိုင်းအားလုံးပြီးရင် လည်းသတိထားဦး မောင်ဖားကြီးတို့က လုံးချင်းခိုးထုတ်ဖို့ ကြံနေတယ်ဗျ :) ကောင်းတယ်ဗျို့.. နောက်ထပ်အပိုင်းတွေ စောင့်နေတယ်

trinity said...

ကိုဗွီရေ .. အစကပြန်ဖတ်နေပါတယ်
ကျော်မဖတ်တော့ဝူး ..........
ပေါညီ

Law Shay said...

Three Kingdom က Strategy Game အနေနဲ့ရော Action/Tactical Game အနေနဲ့ရော အောင်မြင်နေပြီဗျ။

အခန်းလိုက်