ငရုပ်ဆိုး၏ ဖိတ်ကြားချက်အရ စားတော်တည်ပွဲသို့ ရောက်ရှိလာကြသော မြို့ဝန်၊ မြို့စား၊ မှူးမတ်၊ စစ်သူကြီး တို့အားလုံးက ငရုပ်ဆိုး၏ ရင်ထဲတွင် မည်သို့သော အကောက်ကြံမှုများ ရှိလေမည်နည်း ဟူသည့် သံသယပေါင်းများစွာဖြင့် ပြည့်နှက်လျက်ရှိနေပေသည်။ တက်ရောက်လာသည့် အထဲတွင် အထူးခြားဆုံးကား ပခုက္ကူမြို့စား အမတ်ငသုဒီဖြစ်သည်။ သံသယကင်းသည့် မျက်လုံးအစုံဖြင့် ရောက်ရှိလာသော ငသုဒီ၏နောက်တွင် ခတ်ထန်ကြမ်းတမ်းသည့် ရုပ်ရည်ပိုင်ရှင် ကိုယ်ရံတော်တစ်ဦးလည်း ပါလာလေသည်။ လူစုံသော် ငရုပ်ဆိုးက စကားဦးသန်းလိုက်သည်။
“အခုလို မှူးမတ်မင်းချင်းများ ငါ့ရဲ့ ဖိတ်ကြားမှုကို ရောက်ရှိလာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဦးဆုံးအနေနဲ့ သစ်သီး၊ သေရည်များ သုံးဆောင်ကြပါ။”
ထိုအခါ အားလုံးက မစားရဲ မသောက်ရဲဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ အကဲခတ်နေကြလေသည်။ အမတ်ငသုဒီ တစ်ယောက်တည်းသာ သေရည်တစ်ခွက် မော့ချလိုက်လေသည်။ ထိုအခါ ငရုပ်ဆိုးက အားရပါးရ အော်ရယ်ကာ ဒေါသဖြင့် စားပွဲကို ရိုက်ချလိုက်ပြီး ဆက်ပြောလေသည်။
“အဘယ်အကြောင်းနဲ့များ ကြောက်နေကြသနည်း မင်းချင်းတို့။ ငါဒီနေ့ ခေါ်ယူတွေ့ဆုံတာ စကားအနည်းငယ် ဆိုစရာရှိလို့ပါ။ လေးလေးနက်နက်နဲ့ နားထောင်ပေးစေလိုပါဘိ။ ရှေးအရင် မင်းမြတ်တွေ အဆက်ဆက် ကတည်းက ဘုန်းတန်ခိုးသြဇာ ကြီးရင့်ကြတဲ့ ဘုန်းတော်ရှင်တွေ ထီးနန်းစိုးစံခဲ့တယ် မဟုတ်ပေစ မင်းချင်းတို့။ မင်းမြတ်တွေ ဘုန်းတော်ကြီးတုန် တိုင်းပြည် စည်ပင်၏၊ ဘုန်းတော်ငယ်တုန် တိုင်းပြည် အတိဒုက္ခရောက်ရ၏။ ယခုကျုပ်တို့ရဲ့ ရွှေဘုန်းတော် မင်းမြတ်ဟာ ဘုန်းတန်ခိုးသြဇာအရ သိင်္ဂသူရ ကိုယ်တော်လေးထက်စာရင် အတော်လေး ဘုန်းငယ်တာ တွေ့ရတယ်ဗျ။ ဒီလိုအကြောင်းကြောင့် တပ်မင်းကြီးဖြစ်တဲ့ ငါငရုပ်ဆိုးက သိင်္ဂသူရ ကိုယ်တော်လေးကို ပလ္လင်ထက်မှာ စံမြန်းစေချင်တဲ့ စိတ်ကြောင့် အမတ်ကြီးတို့ကို ဖိတ်ခေါ်ပြီး ဆွေးနွေးရတာပါ။ အဘယ်လို သဘောများ ရှိကြပါသလဲ။”
အားလုံးတိတ်ဆိတ်သွားကြသည်။ ငရုပ်ဆိုးက ထပ်မေးသည်။
“ကန့်ကွက်မည့်သူ မရှိဘူးထင်ပါ့။”
ထိုအခါ မျက်ထောင့်နီဖြင့် စိုက်ကြည့်နေသော အမတ်ငသုဒီက သူ့ရှေ့မှ စားပွဲကိုလှန်ချလိုက်ပြီး
“ရိုင်းလှချည်လား ငရုပ်ဆိုးရဲ့။ ဘယ့်နှယ့်ကွာ။ ဒီလိုအရှက်မရှိ သိက္ခာမရှိတဲ့စကား ပြောဝံ့ပေဘိ။ ယခုနန်းစံတဲ့ သိင်္ဂသီဟမင်းမြတ်ဟာ ရှေ့မင်းမြတ်ရဲ့ ရတနာရင်သွေး သားတော်စစ်စစ် သကျသွေးပါ။ ခုချိန်အထိ ဘာအမှားအယွင်းမှ ပြုလုပ်ခဲ့ခြင်း မရှိပေသကဲ့ ဘုန်းတော်ရှင် ဘုရင်မင်းမြတ်အဖြစ် ထိုက်တန်တဲ့ မင်းကောင်းမင်းမြတ်ပါ။ ဘာအတွက်ကြောင့်မှ ဆွေးနွေးနေစရာ မလိုတန်။”
“ဒီကိစ္စကို မထောက်ခံတဲ့သူ ဇာတ်သိမ်းကောင်းမည် မဟုတ်ဘူး အမတ်ကြီး။”
“တယ်… အတင့်ရဲသထက် ရဲနေပါလား ငရုပ်ဆိုး။ သင့်ကိုယ်သင် ဘာများမှတ်နေသနည်း။”
စားပွဲခန်းမထဲတွင် ရုန်းရင်းဆန်ခတ် ဖြစ်လာသောအခါ ငသုဒီ၏ ကိုယ်ရံတော်က အပြင်တွင် စောင့်နေရာမှ ချက်ချင်းဝင်လာပြီး ငသုဒီ၏ရှေ့တွင် ကာ၍ ရပ်လိုက်သည်။ ထိုအခါ ပါးနပ်လှသော တပ်မင်းငရဲသွေးက ငရုပ်ဆိုးအား
“ငါ့ရှင်။ ဒီကနေ့အတွက် စားပွဲတည်ခင်း ကျွေးမွေးရန် သက်သက်မျှသာ ဖြစ်ပါတယ်။ သည်းခံပါတော်မူပါ ငါ့ရှင်။”
“မြို့စားကြီး ငသုဒီလည်း အမျက်တော်ထိန်းလို့ စိတ်လျှော့ကြပါ။ တိုင်းရေးပြည်ရာတွေပဲ။ တဖြည်းဖြည်းချင်း ဆွေးနွေးကြတာပေါ့။”
အားလုံး ဝိုင်ဝန်းဖြေဖြန်လေတော့မှ ငသုဒီလည်း စိတ်လျှော့ကာ
“ကြပ်ကြပ်သတိထားပါ ငရုပ်ဆိုး။” ဟုဆိုကာ ထွက်သွားလေ၏။ ကျန်ရစ်နေသည့် အားလုံးသော အမတ်မင်းများကို ငရုပ်ဆိုးက
“အဘယ်ကြောင့်များ ကျုပ်ရဲ့ သဘောထားကို နားမလည် ရတာလဲဗျာ။ ကျုပ်က တိုင်းရေးပြည်ရေး ကောင်းစားစေချင်လို့ ပြောတာပါ။”
အမတ်တစ်ဦးကလည်း “ဒီလိုရှိပါတယ် တပ်မင်းကြီး။ အခုအချိန်မှာ တိုင်းရေးပြည်ရာ မငြိမ်သက် ဖြစ်နေချိန်မှာ နောက်ထပ် ရှင်သစ်တက်ဖို့က သိပ်ကို ခက်ခဲပါလိမ့်မယ်။”
“အေး။ မင်းလို ကန့်လန့်ကန့်လန့်လုပ်တဲ့သူတွေကို အရင်သုတ်သင်ပစ်ရမယ်ကွ။”
ခါးမှရတနာဓားကို ဆွဲထုတ်လိုက်သည်။ အမတ်များအားလုံးလည်း အခြေအနေကို ထိန်းသိမ်းလိုက်ကြပြီး စစ်သူကြီး သတိုးရာဇာက
“ကဲပါ မှူးကြီး မတ်ကြီးတို့ရယ် ဒီအရေးကို နောက်မှ ဆက်ဆွေးနွေးကြတန်စို့။ တိုင်းရေးပြည်ရာကို သေရည်သောက်ပြီး ပြောလို့မသင့်ပါဘူး။ အားလုံးပဲ အခုတော့ ကိုယ့်နေရာကိုယ် ပြန်ကြပါစို့ဗျာ။” ဟုနှုတ်ဆက်ကာ ထွက်သွားလေရာ အမတ်များအားလုံးလည်း နှုတ်ဆက်ကာ စားတော်ပွဲမှ ထွက်ခွာလာကြလေတော့သည်။

-----------------------------------------------
လွှတ်တော် အမတ်များကို ကွက်မျက်သုတ်သင်ပြီး တစခန်း ထလာသော ငရုပ်ဆိုး၏ ရက်စက်မှု၊ ယုတ်မာမှုများကို အတွင်းကျကျ သိရှိထားပြီး ဖြစ်ကြသဖြင့် ရတက်မအေး ဖြစ်နေကြရလေ၏။
ပု - “ငထွေသန်းပြီးတော့ ငရုပ်ဆိုး။ ကျုပ်တို့ နန်းတွင်းရေးကတော့ တကယ့်ကို ရင်လေးစရာပဲဗျာ။”
ဝင်း - “ဟုတ်တယ် အမတ်ကြီး ပုလုကွေးရေ။ ပြီးခဲ့တဲ့ စားတော်ပွဲကိစ္စမှာလည်း ဆွေးနွေးတယ်ဆိုပြီး သူထင်ရာစိုင်းနေတာ အားလုံးမြင်ခဲ့ကြတာပဲ။ နန်းညီလာခံတက်တိုင်း မင်းမြတ်ကို မရိုမသေ ဆက်ဆံတာလည်း ဘယ်သူမှ မတားရဲကြဘူး။ အခုဆို မင်းမြတ်အပါအဝင် မှူးမတ်တွေအားလုံး သူ့ကို ဘီလူးသရဲပမာ ကြောက်နေကြပြီဗျ။ သူ့လက်ထဲမှာ တပ်တော်ရှိတယ်ဆိုပြီး ဘယ်သူ့ကိုမှ ထီမထင်တဲ့ပုံနဲ့ ကြာရင် အတင့်ရဲသထက် ရဲလာပြီး ထိန်းချုပ်ရ ပိုခက်သွားလိမ့်မယ်ဗျ။”
စိတ်မရှည်နိုင် ဖြစ်နေသော ငသုဒီကလည်း
သု - “အို… ကြာပါတယ်။ အမတ် ငဝင်းဇော်ရာ ကျုပ်တို့အားလုံး သူ့ကို အမြန်ဆုံး နှိမ်နှင်းသင့်ပြီဗျ။ အမတ်တို့က ဘာများတွေဝေ နေဦးမှာတုန်းဗျ။”
ပု - “ရှင်သစ်ကလည်း အခုမှတက်တယ်။ လွှတ်တော်ဝန်ကြီးတွေကိုလည်း သုတ်သင်ပြီးကာစ။ တာတာတိုက်ပွဲကလည်း အခုမှ လက်စသတ်ပြီးတယ်။ ဒီလိုအချိန်မှာ ကျုပ်တို့ စိတ်လိုက်မာန်ပါလုပ်ရင် တိုင်းသူပြည်သားတွေ ဘက်ကနန်းတော်ကို အယုံအကြည်ကင်းမဲ့ပြီး ပြဿနာက ဒီ့ထက်ပိုကြီးသွားနိုင်တယ်ဗျ။ ဒီကိစ္စကို နောက်မှ ဆက်ဆွေးနွေးကြတာပေါ့ဗျာ။”
သု - “ကောင်းပြီလေ။ အမတ်ကြီးတို့ကမှ ဆက်မဆွေးနွေးဘူး ဆိုရင်တော့ ကျုပ်ကတော့ ကျုပ်နည်း ကျုပ်ဟန်နဲ့ ဖြေရှင်းရမှာပဲ။ ကျုပ်တပ်ဖွဲ့ကို စုဆောင်းပြီး ငရုပ်ဆိုးကို သုတ်သင်ဖို့ ပြင်ဆင်တော့မယ်။ အမတ်ကြီးတို့ ဆုံးဖြတ်ပြီးတော့မှပဲ ထပ်တွေ့ကြတာပေါ့။” ဟုဆိုကာ ငသုဒီက ထွက်သွားလေတော့သည်။
-----------------------------------------------
များမကြာမီ ပခုက္ကူရှိ ငသုဒီသည် ငရုပ်ဆိုးကို စိန်ခေါ်စာတစ်စောင် ပို့လိုက်လေသည်။ စာထဲတွင် ငရုပ်ဆိုး၏တပ်ထဲမှ မည်သည့် တပ်မင်း၊ တပ်မှူးများဖြင့် မိမိ၏ ကိုယ်ရံတော် ငဗီနှင့် စီးချင်းထိုး ယှဉ်ပြိုင်ရန်ဖြစ်လေသည်။ စီးချင်းထိုးသတ်၍ ယှဉ်ပြိုင်နိုင်သူရှိပါက မိမိ၏ ဦးခေါင်းပေးမည် ဖြစ်ပြီး ယှဉ်ပြိုင်နိုင်သူမရှိပါက ငရုပ်ဆိုးအား ရာထူးမှ ထွက်၍ မိမိဇာတိသို့ ပြန်ရန် တောင်းဆိုလိုက်ခြင်းဖြစ်လေသည်။
သာယာသော ညနေခင်းတစ်ခု၏ ပြိုင်ကွင်းမြေတလင်းတွင် တပ်လှန့်ဗုံသံကြောင့် သွေးဆူနေကြသော ငရုပ်ဆိုး၏ တပ်မင်း၊တပ်မှူးများ နည်းတူ့ စစ်သည်စစ်သားများမှာလည်း စိတ်ဝင်တစား အားပေး သွေးတောင်းနေကြသည်။ မြေတလင်း၏ တဘက်ခြမ်းတွင်လည်း ငသုဒီ၏ တပ်သားများ ကြွေးကြော်သံများပြည့်နှက်လျက် ရှိပေတော့သည်တကား။ ဆူဖြိုးကာ ဝင်းဝါနေသည့် စစ်မြင်းတွင် တပ်ဆင်ထားသည့် ချပ်ဝတ်ကလည်း နေရောင်အောက်တွင် အလွန်ပင် တင့်တယ်လွန်းလှပေသည်။ ဤမြင်း၏ အပေါ်တွင်ကား သူရဲကောင်းတို့ ကြန်အင်လက္ခဏာ အားလုံးဖြင့်ပြည့်စုံသည့် ငဗီက လူတစ်ရပ်စာ ကျော်ကျော်ရှိသည့် လှံရှည်ကို အလျား သုံးပုံတစ်ပုံနေရာမှ ညာလက်ဖြင့်ကိုင်ကာ ရှိနေပုံက ရဲစွမ်းပြည့်ဝသည့် စစ်သူကြီးတစ်ဦးမှန်း လူတကာသိနိုင်လေသည်။
တိုက်ပွဲကားစလေပြီ။ ပထမဆုံးထွက်လာသည်ကား ငရုပ်ဆိုး၏ တပ်မှူးငကျား ဖြစ်၏။ ငကျားက ငဗီအား မြင်းဖြင့်ပြေးကာ လှံဖြင့်ထိုးသည်။ ငဗီကလည်း ဘယ်သို့တိန်းလိုက်ပြီး ဟန်ချက်မပျက်စေရန် ညာဘက်လက်ထဲမှ လှံဖြင့် ဟန်လိုက်ရင်း ငကျား၏မေးရိုးကို ထိုးလိုက်လေ၏။ တစ်ချက်တည်းနှင့် ပွဲသိမ်းသွားသော ငကျားကိုကြည့်ကာ ငကျား၏အစ်ကို ငရှား ကလည်း နှစ်ဘက်လှံရှည်ကိုဆွဲ၍ ငဗီကိုပြေး၍ ခုတ်လေသည်။ လျင်မြန်လှသည့် ငဗီကလည်း လှံကိုင်ထားသည့်လက်ဖြင့် မြင်းဇတ်ကိုဆွဲကာ ဘယ်ဘက်ခါးရှိ ဓားကိုထုတ်၍ ကာလိုက်လေသည်။ တချွင်ချွင် မြည်နေသည့် တိုက်ပွဲသံများသည် လူထောင်ပေါင်းများစွာသော ပရိသတ်၏ အားပေးသံများကို ဖုံးလွှမ်းလုပင်တည်း။ စစ်သည်တပ်သားများ၏ ဟာကနဲ ဟင်ကနဲ အံ့သြသံများကလည်း အဆက်မပြတ်ကို ပေါ်ထွက်နေပေတော့သည်။ ငရှားလည်း သွားလေပြန်ပြီ။ လက်ဖျံရိုး တစ်ချောင်းသာ ပါသည့် ငဗီ၏ သန်မာမှုကို မည်သူမှ မယှဉ်နိုင်ကြပေ။ ငရုပ်ဆိုး၏ တပ်မင်းတပ်မှူး လေးယောက် ကျဆုံးသွားသော် ညနေမိုးချုပ်နေဝင်သွားသဖြင့် ပွဲခဏနားလေသည်။ နောက်သုံးရက်တွင်မှ ပွဲဆက်ရန်လည်း သဘောတူညီကြလေ၏။
တပ်စခန်းသို့ ပြန်ရောက်ရောက်ချင်း ဒေါသပုန်ထနေသည့် ငရုပ်ဆိုးကို တပ်မင်းတပ်မှူးအားလုံး ဒူးထောက်ကာ အပြစ်ခံယူနေကြလေသည်။
“တောက်. မင်းတို့ကောင်တွေ အသုံးမကျလို့။ တောက်....။ ငဗီလို စစ်သူရဲ ဘာကြောင့်များ ငါ့ဆီမှာ မရှိရသလဲကွာ။”
ဒေါသအပြည့်ဖြင့်ပြောကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ထိုစဉ် စကားတစ်ခွန်း ဆိုလာသူက တပ်မင်း ငလဖိန်ဖြစ်သည်။
“မှန်လှပါ အရှင်။ အတို့ကျွန်နဲ့ ငဗီ ဟာ တစ်နယ်တည်းသားတွေပါ။ ငဗီရဲ့ အကြောင်းကို အတို့ကျွန် ကောင်းစွာ သိရှိထားကြောင်းပါ။ ငဗီဟာ ရဲရင့်ပြီး အတိုက်အခိုက် ထက်မြက်ပေမယ့် ငွေကြေးဓနစည်းစိမ်ကို မိန်းမောသာယာသူ ဖြစ်ပါတယ် အရှင်။ အတို့ကျွန် ငလဖိန်ကို အရှင့်အတွက် နားချသိမ်းသွင်းဖို့ တာဝန်ပေးတော်မူပါ အရှင်။”
“မောင်မင်း တကယ်စွမ်းနိုင်သလား။”
“ထားရာနေစေရာသွား အတို့ကျွန် ငလဖိန် အရှင့်အတွက် အစွမ်းကုန် အမှုတော်ထမ်းဖို့ အသင့်ပါ အရှင်။”
“ဟားဟားဟားဟား။ ကံဇာတာ တစ်လှည့်ပြောင်းလို့ ငရုပ်ဆိုးတို့ အောင်မြင်ချိန် တန်လာပါရောလား။ ကောင်းပြီ ငလဖိန်။ မောင်မင်း အဘယ်လို စွမ်းဆောင်မလဲ လျှောက်စမ်း။”
“ထားရင်ရှင် သတ်ရင်သေရပါမယ် အရှင်။ အရှင့်ထံမှ မင်းတော်ကျန်စစ် အမွေ အရိန္နမာလှံမြတ်ကို လိုအပ်ကြောင်းပါအရှင်။”
“သယ်…. ငလဖိန် သင့်ရာကိုလျှောက်စမ်း။ အရိန္နမာကို ဘာမှတ်နေလဲ။”
“မှန်လှပါအရှင်။ ငဗီဟာ နှစ်တစ်ရာမှာ တစ်ယောက်ထွန်းတဲ့ စစ်သူရဲတစ်ဦးပါ။ စစ်သူရဲကောင်းတို့မည်သည် စစ်သူရဲတို့၏ အဆင်တန်ဆာဖြစ်သည့် လက်နက်၊ စီးတော်စစ်မြင်း၊ ချပ်ဝတ် ဤသုံးမျိုးကို ချစ်ခင်တပ်မက်ကြပါတယ်အရှင်။ ငဗီမှာက စစ်မြင်းကောင်းရှိပြီးဖြစ်သလို ဝတ်ဆင်ထားတဲ့ ချပ်ဝတ်ကလည်း အရည်အသွေးကောင်းတဲ့ ချပ်ဝတ်ပါ။ သို့ပေမယ့် အသုံးပြုနေတဲ့ လှံက ပိတောက်သားကြေးဖူး သာမန်လှံမျှသာ ဖြစ်ပါတယ်အရှင်။ တပ်မင်းကြီးအနေနဲ့ အလှသဘောထားရမယ့် အရိန္နမာလှံသာ ငဗီ့လက်ထဲ ထည့်ပေးလိုက်ရင်ဖြင့် တောတွင်ခြင်္သေ့၊ ဝေဟင်ငှက်သိမ်း၊ ရေတွင်ငမန်းလို လျှမ်းလျှမ်းတောက် သူရဲကောင်းကို အရှင့်အနေနဲ့ ပိုင်ဆိုင်ဖို့ မလွဲပါဘူးအရှင်။ ဆုံးဖြတ်တော်မူပါ။”
ငရုပ်ဆိုးလည်း တချက်တွေဝေသွားပြီး ဘေးရှိ တပ်မင်းငရဲသွေးကို မေးဆတ်ကာမေးလိုက်သည်။
“တစ်တိုင်းပြည်လုံးအပေါ် သက်ရောက်မယ့် အရှင့်ရဲ့ သြဇာအာဏာနဲ့ ယှဉ်ရင် အရိန္နမာကို အဘယ်ကြောင့် တွန့်တိုနေပါဦးမလဲ အရှင်။”
ငရဲသွေး၏ထောက်ခံချက်ပါ ရလိုက်သော တပ်မင်းကြီး ငရုပ်ဆိုးလည်း အရိန္နမာကို စွန့်လွှတ်ဖို့ သဘောတူလိုက်လေတော့သည်။
-----------------------------------------------
ငဗီ၏ တပ်တဲ တစ်နေရာ နေဝင်ရီတရော အချိန်တွင် ငဗီ၏ လှံရေးကစားပုံကိုကြည့်၍ လက်ခုပ်တီး အားပေးနေသူက စစ်သူကြီး ငလဖိန်ပေတည်း။ လှံရေးကစားပြီးသော် ငဗီက
“နောင်ကြီး ကျုပ်ကိုအခုလို လာတွေ့လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူးဗျာ။ အစားအသောက်တွေ ပြင်ကြဟေ့။ ဒီလှံအတွက် ထပ်လောင်းပြီး ကျေးဇူးတင်ပါရစေ။ ဒီလှံက တကယ့်လှံကောင်းတလက်ဗျ။ လှံပေါင်း တစ်သိန်းမှာ တစ်လက်မရနိုင်တဲ့ လှံဗျ။ ဒီကျေးဇူးကို ဘယ်လိုဆပ်ရမှန်းတောင် မသိပါဘူး။”
“သူရဲကောင်းဆိုတာ လက်နက်ကောင်းနဲ့မှ လိုက်ဖက်ပါတယ်ဗျာ။ ဒီလိုပဲ ဒီလှံကလည်း ရောင်းရင်း ငဗီလို ပြိုင်ဘက်ကင်း သူရဲကောင်းနဲ့မှ ထိုက်တန်ပါတယ်ဗျာ--------။ ဒီလှံကို ကိုင်ထိုက်တဲ့သူကလဲ ရောင်းရင်း ငဗီပဲ ရှိတယ်ဟုတ်ပေစ။”
ဟားဟားဟားဟား
နှစ်ယောက်သား ပြိုင်တူရယ်၍ သေရည်တစ်ခွက်စီမော့လိုက်ကြသည်။
“ဒါနဲ့ နောင်ကြီး ငလဖိန် အကြောင်းလေးပြောပါဦး။”
“ကျုပ်ကအခု မြို့စောင့်တပ်မင်း စစ်သူကြီး ငလဖိန် ဖြစ်နေပြီလေဗျာ။” ဂုဏ်ယူဝံ့ကြွားသည့် လေသံဖြင့်ပြောလိုက်လေသည်။
“သြော်….. ဟုတ်လားဗျ။ တယ်လည်း ဟန်ကျသကိုး။”
“ရောင်းရင်း ကကောဗျ။”
“မြို့စားငသုဒီ လက်အောက်မှာ အမှုတော်ထမ်းနေပါတယ်ဗျာ။”
ဟု မခံချင်သည့် ပုံစံဖြင့် ခပ်ဆပ်ဆပ်ပြောကာ သောက်လက်စ သေရည်ကို မော့ချလိုက်လေ၏။
“အော်…. ဒါကြောင့် ကျုပ်တို့ အသိုင်းအဝိုင်းမှာ ရောင်းရင်း ငဗီရဲ့ နာမည် သိပ်မကြားရတာပဲ။”
“နောင်ကြီးက လှောင်တယ်ထင်ပါ့။”
“ဟားဟားဟား မလှောင်ရပါဘူးဗျာ။”
ထိုအခါ ငလဖိန်က ဘေးပတ်ဝန်းကျင်ကို ရှင်းမရှင်း ကြည့်ပြီး
“အစကတော့ မပြောပဲနေမလို့ပဲ။ ခုတော့ စကားလမ်းကလည်း ရောက်လာ၊ သေရည်လေးကလည်း သောက်ပြီး ဆိုတော့ ပြောရဦးမယ်။ ရောင်းရင်းငဗီက အစွမ်းထက်တဲ့ စစ်သူကြီးတစ်ဦးပါဗျာ။ ဘာကြောင့်များ ဒီလိုမြို့စားငသုဒီ လက်အောက်မှာ အမှုထမ်းနေရတာတုန်းဗျ။”
ထိုအခါ ငဗီက သက်ပြင်းတစ်ချက်ချ၍ ဆက်ပြောသည်
“ရွေးချယ်ခွင့်မှ မရှိပဲဗျာ။”
“ရောင်းရင်း ငဗီရယ်။ မင်းဟာ ဓားသွားလိုထက်တဲ့ စစ်သူရဲပါ။ လူတကာ ချီးမွမ်းလေးစားထိုက်တဲ့ သူရဲကောင်းပါ။ အောင်မြင်ကျော်ကြားဖို့ ဆိုတာ မခက်ခဲတဲ့ ကိစ္စမှာ ဘာကြောင့်များ ရွေးခွင့်မရှိဘူးလို့ ပြောရတာလဲဗျာ။ ဒီမယ် ရောင်းရင်း ငှက်ကောင်းဆိုတာ သစ်ပင်ကောင်းကိုပဲ ရွေးနားပါတယ်။ ဒီလိုအချိန်မှာ ရွေးချယ်ခွင့်တွေအများကြီးပါ ငဗီရာ။ ဘယ်လိုကြောင့်များ ငသုဒီရဲ့ လက်အောက်မှာ အမှုထမ်းနေမှာလဲ။”
ရိတိတိပြောကာ သေရည်ထပ်ထည့်လိုက်သည်။
“ဒီလိုအချိန်မှာလည်း မှန်ကန်တဲ့ သခင်ဆိုတာက ရွေးရခက်ပါတယ်ဗျာ။”
“ရောင်းရင်းအတွက် ရွေးသင့်ရွေးထိုက်တဲ့ သခင်ကောင်းကို ပြောရမလားဗျ။”
“ဘယ်သူများလဲ နောင်ကြီး။”
စိတ်ဝင်တစား မေးလိုက်လေသည်။ ငဗီ၏ အမေးကို ငလဖိန်က ကျေနပ်စွာပြုံးလေသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး
“သူရဲကောင်းတကာတို့ရဲ့ အရှင်သခင်လေ။”
“ဘာ…. ငရုပ်ဆိုး။ ဒင်းကိုပြောတာလား”
ဒေါသအပြည့်ဖြင့် ပြန်ပြောလိုက်သော ငဗီကို ငလဖိန်က ပညာသားပါပါ ရယ်လိုက်ပြီး
“ငရုပ်ဆိုး ဆိုတဲ့နာမည်က ရောင်းရင်းရဲ့ အမြင်ကို ဖုံးကွယ်နေတာပါ။ တကယ်တမ်း စဉ်းစားကြည့်ရင် တပ်မင်းကြီးဟာ စစ်သူရဲအားလုံးရဲ့ အရှင်သခင်ပါဗျာ။”
“ဘယ်လိုကြောင့် ဒီစကားပြောရတာတုန်းဗျ။ ငရုပ်ဆိုးဟာ ကောက်ကျစ်ယုတ်မာပြီး ရှင်ဘုရင်ကိုတောင် နန်းချဖို့ကြံစည်နေတာ။ ဒါလူတိုင်းသိတဲ့ကိစ္စပါဗျာ။”
ငလဖိန်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး
“ရေပြင်ကိုကြည့်ရုံနဲ့ ရေအတိမ်အနက်ကို မသိနိုင်ပါဘူး ရောင်းရင်းရယ်။ ရောင်းရင်းပဲ စဉ်းစားကြည့် အခုလက်ရှိ မင်းမြတ်ဟာ ဘုန်းတန်ခိုးအရ အတော်လေး အားနည်းတာဗျ။ ဒါတင်မကဘူး သိင်္ဂသူရ ကိုယ်တော်လေးက လက်ရှိသိင်္ဂသီဟမင်းထက် စာရင် အဆပေါင်းများစွာ ထက်မြက်ဘုန်းကြီးတာကို တွေ့ရတယ်။ ဒါကိုလည်း မှူးချင်းမတ်ရာတွေအားလုံးက သိပါလျက်နဲ့ အားလုံးက မပြောရဲကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံး ရာဇဒဏ်သင့်မှာ ကြောက်နေကြတာဗျ။ သူတို့အတွက်ပဲသူတို့ စဉ်းစားကြတယ်။ ရွှေပလ္လင်နဲ့ တိုင်းသူပြည်သားတွေရဲ့အရေးကို ထည့်မစဉ်းစားကြဘူး။ တပ်မင်းကြီး ငရုပ်ဆိုးကတော့ ဒါမျိုးမဟုတ်ဘူး။ လုပ်ထိုက်တာကို လုပ်ရဲတဲ့ သတ္တိ သူ့မှာအပြည့်ရှိတယ်။ သေသေချာချာ တွေးကြည့်ရင် တကယ်မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်ပါ ရောင်းရင်း ငဗီရာ။ နောက်တစ်ခုက အရင်မင်းမြတ်ရှိစဉ် အခါကတည်းက ထက်မြက်တဲ့ သိင်္ဂသူရ ကိုယ်တော်ကို အိမ်ရှေ့အရာပေးပြီးသား ဒါကို ရှေ့က တပ်မင်းကြီးနဲ့ မိဖုရားရွှမ်းမီတို့ရဲ့ အကြံနဲ့ မိဖုရားရွှမ်းမီရဲ့သားတော် သိင်္ဂသီဟကိုယ်တော်ကို နန်းတင်လိုက်တာပါ။ တကယ့် ပလ္လင်ရှင်အစစ်က သိင်္ဂသူရ ကိုယ်တော်လေးပါ ငဗီရ။”
ငလဖိန်၏ စကားကို ငဗီက အားရပါးရ ရယ်လိုက်သည်။ ထို့နောက် ငလဖိန်၏ လက်ကိုဖမ်းဆွဲကာ
“နောင်ကြီး ငလဖိန်။ နောင်ကြီးကို သိပ်ပြီးကျေးဇူးတင်သွားပြီဗျာ။ ကျုပ်အခုမှပဲ အရုဏ်ဦးရဲ့ အလင်းရောင်ကိုတွေ့တော့တယ်။”
“ဟုတ်တယ် ရောင်းရင်းရာ။ သူဟာတကယ့် အရှင်သခင်ကောင်း တစ်ဦးပါ။ ရောင်းရင်း ငဗီလို စစ်သူရဲမျိုးကိုလည်း အမြဲတမ်းတံခါးဖွင့်ပြီး ကြိုဆိုနေမှာပါ။ ရောင်းရင်းငဗီဟာ မကြာခင်ပဲ တမဟုတ်ချင်း ကျော်ဇောအောင်မြင်တော့မှာပါဗျ။”
ငဗီက ခေါင်းခါလိုက်သည်။
“ဒါပေမယ့်ဗျာ။ ဒီအနေအထားနဲ့ ဘယ်လိုလုပ်ပြီး ငရုပ်ဆိုးဆီ အမှုထမ်းလို့ ဖြစ်မလဲဗျာ။”
ထိုအခါ ငလဖိန်ကလည်း အသင့်ပါလာသည့် ရတနာထုပ်ကို ထုတ်ကာ
“ဒီမယ်ရောင်းရင်း။ ရောင်းရင်းကို တပ်မင်းကြီးက တကယ်ပဲ လေးစားအထင်ကြီး နေတာပါ။ ဒါကြောင့်ပဲ ဟောဒီမှာ တပ်မင်းကြီးက လေးစားသမှုနဲ့ လက်ဆောင်ပေးလိုက်တဲ့ ရတနာတွေပါ။ ဒါတင်ပဲလို့ ထင်သလား ရောင်းရင်း ခုနက ရောင်းရင်းကစားခဲ့တဲ့လှံက တပ်မင်းကြီး ငရုပ်ဆိုးက ရောင်းရင်းကို ချီမြှင့်လိုက်တဲ့ လှံဗျ။ လှံတောင် ရိုးရိုးလှံမဟုတ်ဘူး။ ဟောသည် ပုဂံပြည်ကြီးကို တည်ထောင်ခဲ့တဲ့ အရိန္နမာလှံပဲ။”
“ဘာ…. ဘယ်လို…. အ..ရိ..န္န..မာ..” ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
“တပ်မင်းကြီးက ကျုပ်အပေါ် ဒီလောက် ကောင်းနေတာ ကျုပ်ကသူ့အတွက် ဘာမှပြန်မပေးနိုင်၊ ပြန်မလုပ်ပေးနိုင်တာကို စိတ်မကောင်းဘူးဗျာ။”
“ဒါက လွယ်ပါတယ် ရောင်းရင်းရာ။ ခုချိန်မှာ တပ်မင်းကြီးက ဘယ်သူ့ကို သတ်ချင်နေသလဲ သိတယ်ဟုတ်ပေစ။”
ငဗီမျက်နှာပျက်သွား၏
“အော် ရောင်းရင်းငဗီ မလုပ်ရဲရင်လည်း ကိစ္စမရှိပါဘူးဗျာ။ ကျုပ်က အကြံပေးတာပါ။ ကျုပ်ကိုခွင့်ပြုပါဦး။”
စစ်သူကြီး ငဗီ တစ်ယောက် အံကိုတင်း၍ မျက်ထောင့်နီဖြင့် ကြည့်ကာ ဦးတည်နေသည်က မြို့စား ငသုဒီ၏ အဆောင်တဲပင်တည်း။
-----------------------------------------------
မနက်ခင်းမြူက မကွဲသေး။ ချမ်းခိုက်လှသည့် ဆောင်းကို ဂရုမပြုနိုင်။ ရင်ထဲတွင်ကား နာမည်ကြီး စစ်သူကြီးတစ်ဦးအဖြစ် ရပ်တည်နိုင်မည့် အောင်မြင်မှုအတွက် စိတ်တွေလောလှလေပြီ။ ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့ လက်ထဲမှ အထုပ်တစ်ထုပ်နှင့်အတူ တပ်မင်းကြီးငရုပ်ဆိုးရှိရာ အဆောင်၏ အရှေ့တွင် ရပ်လိုက်သည်။ လှံရှည်ကိုင် တံခါးစောင့် နှစ်ဦးထဲမှ တစ်ဦးက
“ရပ်… ဘယ်သူလဲ”
“ငါ ငဗီ။ တပ်မင်းကြီးကို ပြောလိုက် လက်ဆောင်ပါတယ်လို့။” နာမည်ပြောလိုက်ရုံဖြင့် ကျောချမ်းသွားသော တံခါးစောင့်က သူ့အဖော်ကို မျက်စပစ်လိုက်သည်။ ထိုအခါ သူ့အဖော်က အထဲသို့ဝင်သွားပြီး ပြန်ထွက်လာသော် ဝင်ခွင့်ပြုလိုက်လေသည်။ ဘေးတဘက် တချက်စီတွင် ကာရံထားသော လှံကိုင်စစ်သားများကို ဖြတ်၍ တပ်မင်းကြီး ငရုပ်ဆိုးရှိရာ သို့ တစ်လှမ်းချင်း လျှောက်လာသည့် ငဗီကို အားလုံးက စိတ်ဝင်တစား အကဲခတ်လျက်ရှိလေ၏။ ငရုပ်ဆိုး၏ ရှေ့သို့ရောက်သော် လက်ထဲမှ အထုပ်ကို ပစ်ချလိုက်ရာ ငရုပ်ဆိုးက ဝမ်းသာအာရဖြင့်
“ဟားဟားဟားဟား။ စစ်သူကြီး ငဗီ မင်းကို ခုချက်ချင်း စစ်သူကြီးအရာထူးကို ခန့်အပ်တယ်။ ဟားဟားဟားဟား”
“အတို့ကျွန် ငဗီ သက်တမ်းတလျှောက် အားကိုးအားထား ပြုစရာ သခင်ကောင်းကို ရှာမတွေ့နိုင်ဖြစ်နေတာ ခုတော့တွေ့ပါပြီ။ အတို့ကျွန် ငဗီ အရှင့်ကို အဖေရင်းသဖွယ် ကိုးကွယ်စောင့်ရှောက်ပါမယ် တပ်မင်းကြီး။”
“ဟားဟားဟားဟား”
ဒူးထောက်ကာ ဂါရဝပြုလိုက်သော ငဗီကို ကြည့်၍ အားရ ကျေနပ်အားရစွာ ရယ်ကာ
“ကဲကဲ ထလော့ ငါ့သား။ မင်းကို ခုချိန်ကစပြီး ငါ့သားအဖြစ် မွေးစားတယ်။ ငါတို့သားအဖ အစွမ်းနဲ့ ဓူဝံကြယ်တောင် ခူးလို့ရတယ်။ ခုချိန်ကစပြီး တပ်တော် လက်ရွေးစင်စစ်သည် ၁၀၀၀ နဲ့အတူ ငါ့အပါးမှာ ကိုယ်ရံတော်အဖြစ် စောင့်ရှောက်စေ။ ဟားဟားဟားဟား” တပ်မင်းကြီး ငရုပ်ဆိုး၏ ရယ်သံက မရပ်မနားကို ထွက်ပေါ်နေလေတော့သည်။
-----------------------------------------------
2 ရဲ့ အမြင်လေးတွေ:
ကောက်ကျစ် ၊ ယုတ်မာ ၊ အကြံပတ်စက် ၊ ငွေမက် ၊ ဂုဏ်မက် ၊ လှံမက်.... ၊ လှတဲ့ ငဗီ
အသေဆိုးနဲ့ သေပါစေ............။ :P
ဓူဝံကြယ်တောင်ခူးလို့ရတယ်တဲ့...မမီးတော့ပြေးမှထင်တယ်..
Post a Comment