ကောင်းကင်တွင် စန္ဒာလမင်းကြီးက သာနေတုံဘိ အရိမဒ္ဒနပူရ ပလ္လင်ပေါ်မှ မင်းမြတ်က တိမ်ဖုံးဝေနေသည်။ သက်ပြင်း တချချနှင့် ခေါင်းခါနေသည်ကား ရှင်သုံးဆက်တိုင် မင်းမြတ်ကိုပင် အမှားတော်ထောက် ဝေဖန်ပြောဆိုရဲသော လူတိုင်းက လေးစားအားကိုးသည့် အမတ်ကြီး ပုလုကွေးပင်တည်း။
တဆောင်းကုန်လို့ တနွေဝင်လေပြီ။ ငရုပ်ဆိုး၏ ခက်ထန်မှုကို ဖြိုခွဲ၍ မရသေး။ သတိုးရာဇာကို အားကိုးကာ ပတ္တမြားထန်းလှီးဓားလည်း အသုံးချပြီးပြီ။ မြို့စားနယ်စားများ အားလုံးလည်း အင်အားသုံး၍ တော်လှန်သည်။ မှူးချင်းမတ်ရာများမှလည်း အလျင်းသင့်သလို လုပ်ကြံသည်။ အောင်မြင်မှု တစ်စုံတရာ မရှိသေး။ အရုပ်ကြိုးဆွဲဖြစ်နေသည့် ကလေးသာသာ ပုဂံပြည့်ရှင်မင်းမြတ်နှင့် ပုဂံအင်ပါယာကြီးတစ်ခုလုံး ပူဆွေးဝမ်းနေရပြီ။ ငါကိုယ်တိုင်ကလည်း လှောင်အိမ်ထဲမှ ယုန်သူငယ်လေးပမာ အရာမဝင်လှ။ ငရုပ်ဆိုး၏ ရက်စက်ယုတ်မာမှုများကို အဘယ်များမှ ချေမှုန်းနိုင်ပါဘိ။ မချိတင်ကဲမှုပေါင်းများစွာဖြင့် အမတ်ကြီး ပုလုကွေးလည်း သက်ပြင်းတချက်ထပ်ချရင်း အတွင်းဆောင်သို့ ဝင်လေသည်။
ထိုအခိုက် အနောက်ဆောင်မှ စောင်းသံ သဲ့သဲ့ ကြားလိုက်ရ၏။ တေးသံသာက သာယာ၏။ လက်ခတ်သံက ညင်သာ၏။ တေးဆိုသံက ချိုသာ၏။ ရင်တော်ချမ်းမြ ဆိုတေးလှသည့် တော်ဝင်ဆက်သည့် တေးမျိုးတည်း။ အနောက်ဆောင်မှ မည်သူမည်ဝါ ဤသို့ တော်ဝင်ဆန်စွာ တီးခတ်နိုင်သနည်း။ ဖြစ်နိုင်သည်က မွေးစားသမီးတော် စန္ကုရာ ဖြစ်တန်ရာ။ လျှောက်လမ်းအတိုင်း အနောက်ဆောင်သို့ ဝင်သွားလေသော် မှန်းဆသည့်အတိုင်း စန္ကုရာ ဖြစ်လေ၏။ အနောက်ဆောင်၏ လသာဆောင်ရှေ့ မြေတလင်းတွင် စောင်းကို ပိုက်၍ တီးခတ်နေသည်ကား နတ်သမီးကလျာတစ်ပါး အလား တင့်တယ်လှသည်။ လမင်းအလား ဝင်းဝါနေသည့် စန္ကုရာ၏ မျက်နှာက အနီးရှိ ရေအိုင်ထဲတွင် သာနေသည့် လမင်းနှင့် အပြိုင် တောက်ပနေသည်။
“သြော်...... ၁၀ နှစ် အရွယ်က ခေါ်ယူမွေးစားထားသည့် သမီးတော် စန္ကုရာ။ သည်နှစ်များအတွင်း ရှုပ်ထွေးလှသည့် နန်းတွင်းရေးကြောင့် မေ့မေ့လျော့လျော့ ဖြစ်နေသည့် သမီးတော် စန္ကုရာတောင် အရွယ်သင့်လို့ ကညာတင့်နေပြီကိုး....။” ဟုတွေးကာ စကားစလိုက်သည်။
“အိုဘယ့်သမီးတော်... အဘယ်သို့များ အခါတော်မသင့် စောင်းတေးသံသာ တီးခတ်နေသနည်း။”
“မှန်လှပါ ခမည်းတော်။ အခါတော် မသင့်ဆို ဤသို့ အခါတော်မသင့်ချိန်ထိ ဆီးမီးရောင်ဝါ မမှိတ်သေးသည့် ခမည်းတော်၏ အဆောင်ခန်းကို မြင်ရတွေ့ရသည်ကို သမီးတော် ရင်ထဲ မကောင်းရှိလှပေတုံ။ ကျွေးမွေးခဲ့သည့် ကျေးတုံကျေးဇူးအပြင်၊ မိန်းကလေးတို့ တတ်သင့် တတ်အပ်သည့် တီးမှုတ်ကခုန် အစုံစုံကို သင်ကြားခွင့်ပေးသည့် ခမည်းတော်၏ ကျေးဇူးတော်က ကြီးမားလှပေတကား။ သမီးတော်၏ ဝင်သက်ထွက်သက်တိုင်းမှာ ခမည်းတော်၏ ကျေးဇူးတော်ကို မည်သို့ မည်ပုံ ဆပ်ရမည်ကိုသာ အစဉ်တွေးလျက် ရှိပါသော်ငြား ခါတော်မသင်ရှိလှပေဘိ။ နန်းတွင်းအရေးမှာ စိတ်တော်လိုကျ မဖြစ်ရသည့် ခမည်းတော်၏ ပင်ပန်းနွမ်းလျမှုကို သမီးတော်ရဲ့ စောင်းသံသာချိုကြောင့် အနည်းငယ်မျှ သက်သာလျှင်ဖြင့် သမီးတော် ကျေနပ်လှပါပြီ ဆိုသောအတွေးဖြင့် စောင်းတော်သံသာ ဆက်ရခြင်း ဖြစ်ပေသည် ခမည်းတော်။”
“လိမ္မာလိုက်သည့် သမီးတော်ပေတည်း။ သို့ပေသော်ငြား တိုင်းရေးပြည်ရေးမို့ သမီးတော် စွမ်းနိုင်မည်မဟုတ်။ အချိန်လည်း လင့်ပြီမို့ စောင်းတော် သိမ်းလို့ အနားယူလော့။”
အမတ်ကြီး ပုလုကွေးလည်း သမီးတော်ကို ကျောခိုင်းကာ အတွင်းဆောင်သို့ ပြန်လေသည်။ အတွင်းဆောင်သို့ အပြန် ခြေလှမ်းလှမ်းပြီးကာမှ လင်းကနဲ အတွေးတစ်ခု ဝင်လာသည်။
“တန့်ပေဦး သမီးတော်။”
စောင်းကိုပိုက်၍ အဆောင်ဝင်မည့် စန္ကုရာ၏ လည်ပြန်အကြည့်က ဆွဲဆောင်လှသည်။ အနားသို့ကပ်၍ ရင်သတ်ဖွယ် လှပသည့် စန္ကုရာ၏ အလှကို ငေးမောရင်း တုန်ရင်နေသည့် လက်အစုံဖြင့် စန္ကုရာ၏ လက်ကို ကိုင်ရင်း ဒူးထောက်ချလိုက်လေတော့သည်။
“အလိုလေး…. မသင့်ကြောင်းပါ ခမည်းတော်။ ထတော်မူပါ။”
“ဒီအဘိုးကြီး ပုလုကွေး ဇရာထောင်းလို့ အိုညောင်းလေပြီ သမီးတော်။ ရှင်အဆက်ဆက်ပြောင်းလို့ နန်းတွင်းရေး အဖုံဖုံကို ဖြေရှင်းခဲ့ပြီးပြီ။ သည်အကြိမ်တော့ ခမည်းတော် မစွမ်းပြီမို့ အရိမဒ္ဒနပူရ တိုင်းပြည်ကြီးတစ်ခုလုံးကို သမီးတော် ကယ်တင်ပေးတုံ။ အရိမဒ္ဒနပူရ ထီးနန်းကြီးတစ်ခုလုံးရဲ့ ကံကြမ္မာဟာ သမီးတော်သာလျှင် စွမ်းနိုင်ပေစ။”
ဟုဆိုကာ တုန်ရင်စွာ ပြောလေသည်။
“မသင့်ကြောင်းပါ ခမည်းတော်။ ထတော်မူပါ။ သမီးတော်လို သာမညမလေးတစ်ဦးက အရိမဒ္ဒနပူရတိုင်းကြီးကို ဖေးမလို့ ကယ်တင်ဖို့ ဆိုတဲ့ ခမည်းတော်ရဲ့ စကားကို နားမလည်နိုင်အောင်ဖြစ်ရပါတယ် ခမည်းတော်။ အကယ်လို့များ သမီးတော် ခမည်းတော် အလိုကျ ခမည်းတော်ရဲ့ ကျေးဇူးကို ဆပ်ခွင့်ရမယ် ဆိုရင်ဖြင့် အသက်ပင် စွန့်ရစွန့်ရ ကျေနပ်အားရလှပါပြီ။”
“ယခုအချိန်မှာ တပ်မင်းကြီး ငရုပ်ဆိုး၏ နန်းတွင်းချယ်လှယ် ချုပ်ကိုင်မှုကြောင့် တိုင်းသားပြည်သူအားလုံး ပင်ပန်းဆင်းရဲလှသည်။ အခွန်တော်တွေ အဆမတန် တိုးမြှင့်လိုက်သည့်အပြင် ရင်ဝယ်သားသဖွယ် အုပ်ချုပ်သည့် မြို့ဝန်မြို့စားအားလုံး အချုပ်တော်မိ၊ နယ်နှင်ပြစ်ဒဏ် အမျိုးမျိုးသော မင်းဒဏ်များ သင့်ခံနေကြရသည်။ နန်းတွင်းမှ မှူးချင်းမတ်ရာများကိုလည်း ထင်ရာမစိုင်း ကွပ်နေလေသည့်ကား ရက်စက်လှတုံသည်။ အရွယ်မရောက်သေးသည့် မင်းမြတ်၏ သန်လျက်တော်သည်ကား အရောင်မှိန်လို့ ညှိုးနွမ်းလှပြီ။ နတ်စစ်သူရဲ အလား စွမ်းရည်ထက်မြက်လှသည့် စစ်သူကြီး ငဗီကား ယုတ်မာပေစွ ငရုပ်ဆိုး၏ လက်သုံးတော် ဖြစ်နေပေသိ။ သို့ကြောင့်..... သို့ကြောင့်......”
“သင့်ရာကို ဆိုပါ ခမည်းတော်။ သမီးတော်က ဘာလိုပဲ ပေးဆပ်ရပေးဆပ်ရ အသင့်ပါ။”
“သမီးတော်မှာ ယောက်ျားတို့၏ နိဂုံးဖြစ်တဲ့ ဣထ္ထိယတန်ခိုးနဲ့ ပြည့်စုံလှတယ် သမီးတော်။ ငရုပ်ဆိုးနဲ့ ငဗီရဲ့ စည်းလုံးမှုကို ဖြိုခွဲဖို့ အရိမဒ္ဒနပူရ နေပြည်တော်ကြီး တစ်ခုလုံးမှာ သမီးတော်တစ်ယောက်ပဲ အစွမ်းရှိလိမ့်မယ် သမီးတော်။ အရိမဒ္ဒနပူရ ထီးနန်းကြီးကို ပြန်လည်သာယာဝေစည် ဖွံ့ဖြိုးဖို့ သမီးတော်ရဲ့ ဣထ္ထိယမာယာကို အသုံးချပေးရန်အလို့ ခမည်းတော် တောင်း..... တောင်းဆိုပါတယ် သမီးတော်....”
“ခမည်းတော်အတွက် ဘာမဆို အသင့်ပါလို့ သမီးတော် ဆိုခဲ့ပြီးပေစ။ အခုလို တိုင်းပြည်အတွက် သမီးတော်ကို ပါဝင်ခွင့်ပေးတာကိုးက သမီးတော်ဝမ်းမြောက်လှပါပြီ။ သမီးတော် အသင့်ရှိပါတယ် ခမည်းတော်။ သမီးတော်ရဲ့ အသက်နဲ့ ခန္ဒာ တည်မြဲနေသ၍ ခမည်းတော်ပေးတဲ့ တာဝန်ကို မပြတ်ထမ်းဆောင်ဖို့ အသင့်ပါ ခမည်းတော်။”
“အရိမဒ္ဒန တိုင်းသားပြည်သူတွေ အားလုံးအတွက် ကျေးဇူးကြီးမားလှပါဘိ သမီးတော်”
အမတ်ကြီး ပုလုကွေးကား ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ အားရကျေနပ်ခြင်း၊ ကြောက်လန့်ထိတ်ရွံ့ခြင်း ပေါင်းများစွာဖြင့် အသားများ တဆက်ဆက်တုန်လျက်ရှိနေပေတော့သတည်း။

-----------------------------------------------
အမတ်ကြီး ပုလုကွေး၏ အိမ်တော်ရာတွင် ဖြစ်သည်။ တန်ခူးလ ကုန်လျှင် မင်းမြတ်၏ မွေးနေ့ မင်္ဂလာအခါတော်မြတ် ရှိသည့် အလျောက် မင်းမြတ်၏ မွေးနေ့မင်္ဂလာပွဲတော် အတွက် လိုအပ်သည်များ ပြင်ဆင်ရေးအတွက် တာဝန်ပေးကြောင်း စာချွန်လွှာ လာရောက်အပ်နှင်းသော စစ်သူကြီး ငဗီနှင့် စကားလက်ဆုံကျနေသည်။ သာယာသော စောင်းသံတစ်သံက ညင်သာငြိမ့်ညောင်းစွာ ကြားနေရသည်။ စောင်းသံသာနှင့် အတူ မြောက်လေအေးက ငြိမ့်ကနဲ ဖြတ်တိုက်သွားသည်။ စစ်သူကြီး၏ မျက်လုံးကို သဘောပေါက်လိုက်သော အမတ်ကြီးက
“ငါ့အထင် တပ်မင်းက အနုပညာကို အတော်လေး ခံစားပျော်မွေ့မယ် ထင်ပ။”
“အလို.... ဘယ့်နှယ်ပြောထုံ အမတ်ကြီး။ နှလုံးသား ရှိသူတိုင်း အနုပညာကို ခံစားပျော်မွေ့မယ် မဟုတ်လား။”
“ဤသဘောဖြင့် ငါမဆို။ သာမာန်ထက်သာသော ခံစားမှုမျိုးနှင့် ပျော်မွေ့မည် မှန်းကာ ငါဆိုခြင်းတည်း။”
“စစ်သူကြီး ဆိုဘိ ဤသို့ မထင်တန်နဲ့လေ။ ပြတ်သားသင့်တန် စစ်ရေးစစ်ရာတွင် ရက်စက်ပါဘိဆိုပေငြား အနုပညာတွင်လည်း စည်းစိမ်တတ်သည့် လူသားတစ်ဦးမဟုတ်ပေလား အမတ်ကြီးရဲ့။”
“ကောင်းပေလိ ကောင်းပေလိ၊ မည်သို့ဆိုစေ အခါတော် မလင့်သေးရင် ငါ့သမီးငယ်၏ စောင်းသံသာကို ဧည့်ခံချင်ပါတယ် စစ်သူကြီး။”
“အပန်းတော် မရှိရင်ဖြင့် ခံစားပျော်မွေ့ချင်ပါသေးတယ် အမတ်ကြီး။”
ငဗီ၏ စကား အဆုံးတွင် မောင်းမငယ်များ ခြံရံကာ ထွက်လာသော စန္ကုရာက မလှမ်းမကမ်းမှ စောင်းသံသာ ဆက်လေသည်။ စန္ကုရာမည်သော ကညာပျို၏ တေးသံသာနှင့် အလှနွံတွင် နစ်မွန်းကာ သေရည်လေး မိန့်မိန့်နှင့် လောကစည်းစိမ် ခံစားနေသည့် ငဗီ၏ အနေအထားကို အမတ်ကြီး မှန်းဆ မိလေပြီ။ စောင်းသံသာ၏ အဆုံးတွင် စောင်းကိုကိုင်ကာ အမတ်ကြီးနှင့် စစ်သူကြီးကို ဂါရဝပြုကာ သင့်ရာတွင် ခစားနေလေသည်။ အမတ်ကြီး၏ ထောင်ချောက်တွင်းသို့ ခြေလှမ်းနေပြီဖြစ်သည့် စစ်သူကြီးငဗီ၏ မျက်လုံးများကတော့ အလှကလျာ စန္ကုရာပေါ်မှ မခွာနိုင်ဖြစ်နေပေသည်ကား။
“တပ်မင်း၊ တပ်မင်း၊”
ရုတ်တရက် ခေါ်လိုက်သဖြင့် စန္ကုရာ အလှပေါ်တွင် မိန်းမောနေခြင်းမှ အသာဟန်လိုက်ကာ သေရည်တစ်ခွက် မော့လိုက်ပြီး
“ဆိုပါ အမတ်ကြီး”
“ဤကား ငါ၏ သမီးတော် စန္ကုရာပေတည်း။”
“သြော် အမတ်ကြီးမှာ ဤလောက်ပြည့်စုံလှသည့် သမီးတော်ရှိကြောင်း အရင်က မကြားမိပါလား အမတ်ကြီး။”
အပြုံးတစ်ချက်ဖြင့် မနှုတ်ဆိတ်လိုက်ရင်း အမတ်ကြီး စကားဆက်လိုက်သည်။
“အရိမဒ္ဒနပူရ တိုင်းကြီးတစ်ခုလုံးမှာ လူတိုင်းလူတိုင်းရဲ့ လေးစားအားထားရာ သူရဲကောင်းဖြစ်သည့် သင်လို စစ်သူကြီး၌ကား အရိန္နမာလို တန်ခိုးကြီးတုနှိုင်းမဲ့ လက်နက်၊ သင်ဝတ်ထားသည့် တန်ဖိုးကြီး ချပ်ဝတ်၊ မြင်းတကာထက် သန်မာသည့် မြင်းကောင်း၊ စေရာခြံသည့် တပ်မှူး၊ ဗိုလ်ပါ၊ ကျွန်ငယ်မကျန် ပြည့်စုံလှသည်။ သို့ပေငြား………”
“သို့ပေငြား ဘာဖြစ်တုံ”
“သို့ပေငြား ကြင်ဖော်စုံဖက်၊ ချစ်မက်ရည်ရန်၊ ကြင်ယာလပ်နေခြင်းကို သတိမူမိရဲ့လားလို့ အသိပေးချင်တာပါ စစ်သူကြီး။”
“ဟားဟားဟားဟား…… မှန်ပေစ အမတ်ကြီးရယ်။ တိုင်းရေးပြည်ရာ စစ်မဟာတွင် ငါနစ်မွန်းနေသည်ကား ကြာလှပေပြီ။ အခွင့်တော်သာရင် ချစ်ကြင်လက်စုံ ခိုင်ကာတွဲမည့် ကညာပျိုဖြင့် ဆုံချင်ပါပေစ။”
ငဗီ၏ မျက်လုံးအစုံကား စန္ကုရာမှ မခွာ ကြည့်နေသည်ကို အမတ်ကြီးက အားရကျေနပ်စွာ ပြုံးလိုက်သည်။
“နောင်တွင်လည်း အခါသင့်သလို ငါ့စံအိမ်ကို အလည်အပတ် ဖိတ်ပါတယ် တပ်မင်း။”
ငဗီလည်း ခေါင်းတငြိမ့်ငြိမ့်နှင့် ကျေနပ်သော အပြုံးများထွေးပိုက်ကာ အရိုအသေပြုကာ ထွက်ခွာသွားလေတော့သည်။
ငဗီနှင့် စန္ကုရာတို့၏ ရင်းနှီးမှု အတော်လေး ပေါက်ရောက်သွားသောအခါ အမတ်ကြီးလည်း သမီးတော်နှင့် စုံကြင်အပ်စပ် လက်ထပ်ပေးရန် ရည်ရွယ်ကြောင်း ဖွင့်ပြောလေသည်။
-----------------------------------------------
အမတ်ချုပ်ကြီး၏ နေအိမ်သို့ ရောက်ရှိလာသော အမတ်ကြီး ပုလုကွေးနှင့် အတူ သမီးတော် စန္ကုရာက ခြံရံလိုက်ပါလာလေသည်။
“အပန်းတော် ကြီးရော့ပြီလား အမတ်ကြီး”
“လန်းဆန်းဆဲပါ အမတ်ချုပ်ကြီးရယ်။”
“ဒါနဲ့ နောက်က ကညာပျိုက….”
“ငါ့မွေးစားသမီး စန္ကုရာပေတည်း”
“အမတ်ကြီး ပုလုကွေး။ သင့်မှာ ဒီလောက်လှပတဲ့ လှကညာ သမီးတော်ရှိတာ ငါအရင်က မကြားမိပါလား။”
“တိုင်းရေးပြည်ရာ အရေး၌သာ နစ်မြုပ်နေသော ငါ၏ လစ်ဟာမှုကြောင့် ငါ့သမီး လှကညာလည်း လူလယ်ဂုဏ်တင့် ကျော်ဇောခြင်းမရှိတာ ခုမှ သတိပြုမိတယ် အမတ်ချုပ်ကြီး။ အရွယ်လည်း သင့်ပြီမို့ ကြင်ယာ စုံဖက်မယ့်သူ ရှာပေးရဦးမယ် အမတ်ချုပ်ကြီး။ ဒါကြောင့်လည်း အမတ်ချုပ်ကြီးကို အကူအညီတောင်းဖို့ ရောက်လာရတာ အမတ်ချုပ်ကြီးရဲ့။ မင်းမြတ်မွေးနေ့ အရေးလည်း ဆွေးနွေးစရာ ရှိသေးတယ် မဟုတ်လား။”
“ဟားဟားဟားဟား”
“နို့ စစ်သူကြီးလည်း မတွေ့ပါလား”
“အခွန်တော် ကိစ္စအတွက် သက္ကတိုင်းကို ခရီးနှင်တယ် အမတ်ကြီး။ သီတင်းတစ်ပတ် လောက်တော့ကြာမယ်။ ကိုင်း…. ဆို ကျုပ်ဘာကူညီရမလဲ။”
“ကျုပ် အဘိုးကြီး ပုလုကွေးလည်း အသက်ကြီးလို့ ချိနဲ့လှပြီ။ သမီးတော် ရှေ့ရေးအတွက် ကြင်ဖော်ရှာပေးဖို့လည်း မစွမ်းသာမို့ သမီးတော်ကို အမတ်ချုပ် အိမ်တော်မှာထားလို့ သင့်တော်ရာကို ရှာပေးဖို့ အကူညီတောင်းခံလိုတာပါ။ အပန်းတော် မကြီးရင်ဖြင့် လက်ခံထားပေးပါ အမတ်ချုပ်ကြီး။”
“ဟယ်… ဘယ့်နှယ့် အမတ်ကြီးရယ်။ ပြောစရာ လူတွေမှ မဟုတ်ပဲ။ သင့်ဆန္ဒ အမြန်ဆုံး ပေါက်မြောက်ဖို့ ငါတာဝန်ယူပါတယ်။”
“ဝမ်းသာပီတိဂွမ်းဆီထိရပါတယ်။ အမတ်ချုပ်ရယ်….။”……
ထိုနေ့မှ စ၍ စန္ကုရာလည်း အမတ်ချုပ်၏ အပါး၌ ခစားလေတော့သည်။ သက္ကတိုင်းမှ ပြန်ရောက်လာသော စစ်သူကြီး ငဗီကား အမတ်ချုပ်၏ အပါး၌ ခစားနေသော စန္ကုရာကို မြင်သော် ဇောင်းမှ လွှတ်သည့် မြင်းတစ်ကောင်အလား စိတ်တွေ ဗလောင်ဆူသွားလေသည်။
“ဘယ်အတွက်ကြောင့် စန္ကုရာက ခမည်းတော် အပါး ခစားရသနည်း။ ဒီကိစ္စ ခမည်းတော်ကို အမြန်ဆုံး ဖွင့်မေးမှပဲ။ အို…. မဖြစ်သေးပါဘူးလေ။ အခြေအနေကို သေချာ သုံးသပ်ပြီးမှ ဖွင့်ပြောတာ သင့်ရော့မယ်။ အမတ်ကြီး ပုလုကွေးကို အရင်မေးမှ သင့်မယ်။”
သို့လော သို့လော အတွေးများကို ရင်ဝယ်ပိုက်ကာ အမတ်ကြီး ပုလုကွေး စံအိမ်သို့ ရောက်သော် ဝမ်းနည်းပက်လက် ငိုကြွေးနေသော အမတ်ကြီး ပုလုကွေးက
“ငါ့အား ခွင့်လွှတ်တုံ စစ်သူကြီး။ …… သင့် ကြင်ယာလောင်း၊ ငါ့ သမီးတော်ကို အမတ်ချုပ်ကြီး …... အ…. အင့်…. အင့်… အီး….. ”
“ငါ သိတယ် အမတ်ကြီး။ ဒီအရေးကြောင့်ပဲ သင့်ထံငါလာခဲ့ခြင်းတည်း… ဒင်းတဏှာ မိစ္ဆာ ကို ငါ သတ်အံ့။”
အရိန္နမာကို ဆွဲကာ မြင်းဒုန်းစိုင်းကာ ထွက်ခွာသွားသော စစ်သူကြီး ငဗီရင်တွင်းတွင်ကား…………